Posted on

အဝလွန်ရောဂါကို အစာအိမ်မှန်ပြောင်းဖြင့်ကုသခြင်း

ကယ်လိုရီများတဲ့အစားအသောက်ရှောင်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့လည်း အရေးကြီးပါတယ်။
အဲ့လိုလုပ်ရုံနဲ့ လိုအပ်သလောက် ဝိတ်မကျလာတဲ့သူတွေအတွက် ကုသနည်းတွေ ဆက်ရှိနေတာပါ။

အဝလွန်တဲ့ လူနာတွေအတွက် (၆) လ လောက်အတွင်း သိသိသာသာ (၁၅ ရာခိုင်နှုန်းလောက်အထိ) ဝိတ်ကျသွားအောင် အစာအိမ်မှန်ပြောင်းကြည့်ပြီး ဘောလုံးလေးရေဖြည့်ပြီးထည့်ပေးထားတာ၊ အစာအိမ်ကျုံ့သွားအောင် တွဲချုပ်ပေးတာ စတဲ့ ကုသမှုတွေ အပါအဝင် နည်းလမ်းမျိုးစုံရှိပါတယ်။

အစာအိမ်အတွင်း ရေဘောလုံးထည့်တာကို ဒီမှာ လုပ်နိုင်ပါတယ်။ အရည်အသွေးကောင်းတဲ့ ဘောလုံးက ဈေးကြီးနေလို့ စုစုပေါင်း သိန်းတစ်ရာလောက် ကုန်ကျနိုင်တယ်။ ဘောလုံးပြန်ထုတ်ပြီးရင်တောင် အစားအသောက်ပုံစံပြောင်းသွားလို့ အထိုက်အလျောက် ဆက်အကျိုးရှိနေတာကို တွေ့ရပါတယ်။

Semaglutide လို ထိုးဆေးတွေလည်း အဝလွန်ရောဂါအတွက် ထိရောက်ပါတယ်။ ဆေးရဖို့ခက်ပြီး 2.4 mg တစ်ပတ်တစ်ခါ ထိုးရင် တစ်လစာ ဒေါ်လာတစ်ထောင်ကျော် ကျပါတယ်။ အမြဲထိုးနေရမှာဆိုတော့ ကုန်ကျစားရိတ်ချိန်ဆကြည့်နိုင်ပါတယ်။ ရပ်လိုက်ရင် ပြန်ဝလာဖို့များပါတယ်။

ဘယ်လိုလူတွေလုပ်သင့်သလဲ
~~~~~~~~~~~~~~~~
ကိုယ်အလေးချိန်နဲ့ အရပ် အညွှန်းကိန်း BMI 30 ကျော်တဲ့သူတွေ
BMI 27 ကျော်နဲ့ ဆီးချို/သွေးတိုး/သွေးတွင်းအဆီများ/အသည်းအဆီဖုံး/Sleep apnea အိပ်နေစဉ်အသက်ရှူလမ်းကြောင်းပိတ်ရောဂါရှိနေသူတွေလုပ်သင့်ပါတယ်။

ကောင်းကျိုး
~~~~~~~
ဝိတ်ကျမယ်၊ ဆီးချိုနဲ့ တခြား ဇီဝဖြစ်စဉ်ပြဿနာတွေ ကောင်းမွန်လာမယ်။ ကျန်းမာရေး အကျိုးကျေးဇူးများပါတယ်။

ဘေးထွက်ဆိုးကျိုး
~~~~~~~~~~
ဘောလုံးနဲ့အသားမကျသေးခင် တစ်ပတ်လောက်အတွင်း ပျို့/အန်ခြင်း ရှိနိုင်ပါတယ်။ နောက်ပိုင်းသက်သာသွားတာများပါတယ်။ Spartz3 ဘောလုံးနဲ့ဆိုရင် အဆင်ပြေမဲ့အရွယ်အစား ချိန်ညှိပေးလို့ ရပါတယ်။

အဝလွန်ခြင်းကို လျှော့ချနိုင်ပြီး ကျန်းမာပျော်ရွင်ကြပါစေ

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်