Posted on

HIV ကူးနိုင်ခြေ ဖြစ်ပြီး ကာကွယ်ခြင်း PEP

ငြိမ်းဆေးခန်းမှာ Teleconsultation (Viber or Phone) နဲ့ တိုင်ပင်ဆွေးနွေးပေးရတဲ့ လူနာတွေထဲမှာ
HIV ကူးနိုင်ခြေရှိတဲ့ ထိတွေ့မှု ဖြစ်ခဲ့လို့ တိုင်ပင်ကြတဲ့သူတွေများပါတယ်။
ဆရာဝန်၊ သူနာပြုများ အပါအဝင် Foreigner တွေ၊ မြန်မာ အမျိုးသား၊ အမျိုးသမီးတွေ အစုံပါပဲ။

အားလုံးလည်း သိသင့်လို့ ရေးပေးပါဦးမယ်။

ပထမဆုံး ကတော့

ဘယ်လိုထိတွေ့ရင် ကူးနိုင်သလဲ
——————————
ကူးနိုင်ခြေရှိတဲ့ ထိတွေ့မှုကို Exposure လို့ခေါ်ပါတယ်။

American Centers for Disease Control (CDC) မှာ ဖော်ပြထားချက်အရ

သွေးထဲမှာ HIV ပိုးရှိသူနဲ့ အောက်ပါအတိုင်း လူ (၁၀၀၀၀) ထိတွေ့မှု ဖြစ်ခဲ့တယ်ဆိုပါစို့

(၁) သွေးသွင်းမိရင် (၉၂၅၀) ဦး ကူးနိုင်တယ်
(၂) မူးယစ်ဆေးဝါးထိုးတဲ့အပ်ကို မျှဝေပြီးထိုးရင် (၆၃) ဦး ကူးနိုင်တယ်
(၃) ထိုးထားတဲ့အပ်နဲ့ အရေပြားပေါက်အောင် စူးမိရင် (၂၃) ဦး ကူးနိုင်တယ်
(၄) လိင်ဆက်ဆံရာမှာ စအိုနဲ့လက်ခံဆက်ဆံရင် (၁၃၈) ဦး ကူးနိုင်တယ်
(၅) လိင်ဆက်ဆံရာမှာ စအိုကို ထိုးသွင်းဆက်ဆံရင် (၁၁) ဦး ကူးနိုင်တယ်
(၆) လိင်ဆက်ဆံရာမှာ အမျိုးသမီးအင်္ဂါနဲ့လက်ခံဆက်ဆံရင် (၈) ဦး ကူးနိုင်တယ်
(၇) လိင်ဆက်ဆံရာမှာ အမျိုးသမီးအင်္ဂါကို ထိုးသွင်းဆက်ဆံရင် (၄) ဦး ကူးနိုင်တယ်
(၈) လိင်ဆက်ဆံရာမှာ ပါးစပ်နဲ့လက်ခံဆက်ဆံရင် ကူးနိုင်ခြေရှိပေမဲ့ တော်တော်နည်းပါတယ်
(၉) လိင်ဆက်ဆံရာမှာ ပါးစပ်တွင်းကို ထိုးသွင်းဆက်ဆံရင် ကူးနိုင်ခြေရှိပေမဲ့ တော်တော်နည်းပါတယ်
(၁၀) သွားနဲ့ကိုက်ခံရရင် ကူးနိုင်ခြေ မရှိသလောက်နည်းပါတယ်
(၁၁) တံတွေးပေရင် ကူးနိုင်ခြေ မရှိသလောက်နည်းပါတယ်

Post Exposure Prophylaxis (PEP)
ကူးနိုင်ခြေရှိတဲ့ထိတွေ့မှုဖြစ်ပြီးနောက် ကာကွယ်ခြင်း
—————————————————
ကူးနိုင်ခြေဖြစ်ပြီး (၇၂) နာရီအတွင်း ကာကွယ်ဆေး စသောက်မှ ထိရောက်ပါတယ်။
အနည်းဆုံး (၂၈) ရက်သောက်ရပါမယ်။

HIV မကူးနိုင်အောင် ကာကွယ်နိုင်စွမ်း
———————————–
PEP ကို အချိန်မီ သောက်ရင် ကူးစက်နိုင်ခြေကို (၉၅) ရာခိုင်နှုန်းကျော် ကာကွယ်နိုင်ပါတယ်။

ဦးစားပေးဆေးအတွဲ
———————-
ဆေး (၃) မျိုးပါရပါမယ်။ တစ်ရက်တစ်ကြိမ် သောက်ရပါမယ်။

(၁) Tenofovir DF 300 mg (or) Tenofovir AF 50 mg

PLUS

(၂) Emtricitabine 200 mg (or) Lamivudine 300 mg

PLUS

(၃) Dolutegravir 50 mg

ရရှိနိုင်သောဆေးများ
——————–
(၁) KOCITAF (Tenofovir AF + Emtricitabine + Dolutegravir)
(၂) ACRIPTEGA (Tenofovir DF + Lamivudine + Dolutegravir)
(၃) TUTEC (Tenofovir DF + Emtricitabine) + DTV (Dolutegravir)

ကူးနိုင်ခြေရှိတဲ့ထိတွေ့မှုဖြစ်ပြီး ကာကွယ်တဲ့ဆေးတွေလို့ ဆိုပေမဲ့ တကယ်တော့ HIV ပိုးရှိသူကို ကုသဖို့ ပေးတဲ့ ART ဆေးတွေလည်း ဖြစ်ပါတယ် တူတူပါပဲ။

ART ဆေးအနေနဲ့ ရေရှည် သောက်ဖို့အတွက်တော့ KOCITAF က ဘေးထွက်ဆိုးကျိုး ပိုနည်းပါတယ်။

အခမဲ့ ဆေးထုတ်ပေးတဲ့စင်တာ ကနေ PEP အတွက် ဆေး ထုတ်ပေးတာ ရှိကောင်းရှိနိုင်ပါတယ်၊ အချိန်မီ ရရှိဖို့တော့ ခက်တာများပါတယ်။

ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးပါ

ဆေးဝယ်သောက်ရင်လည်း ဆေးဆိုင်တိုင်းမှာတော့ မတင်ထားတော့ ဝယ်ဖို့ ခက်ခဲကြတာ တွေ့ရပါတယ်။

သမားတော်နဲ့တိုင်ပင်ဆွေးနွေးရန် ဆေးဝယ်ယူရန်
————————————–
လိုအပ်ရင် ငြိမ်းဆေးခန်း 09977273420 ကို ဆက်သွယ်နိုင်ပါတယ်။
လိပ်စာက
အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း၊ ရန်ကုန်ပါ။

မှတ်ချက်။ ကာကွယ်ဆေးရှိတယ် အာနိသင်ကောင်းတယ်ဆိုပေမဲ့ ကူးစက်နိုင်ခြေများတဲ့ ကိစ္စတွေကို အတတ်နိုင်ဆုံး မလုပ်ဖို့၊ လိင်ဆက်ဆံရာမှာ Condom စနစ်တကျ သုံးစွဲဖို့ တိုက်တွန်းချင်ပါတယ်။

သိချင်တာရှိရင် ကွန်မန့်မှာ မေးနိုင်ပါတယ်။ PrEP နဲ့ တခြား သိမှတ်ဖွယ်ရာ ကျန်းမာရေး အသိပညာတွေကို မျှဝေ ပေးနေမှာမို့လို့ Like and Follow လုပ်ထားနိုင်ပါတယ်။

ကျန်းမာပျော်ရွင်ကြပါစေ

မသိသေးသူတွေ သိရအောင် မျှဝေနိုင်ပါတယ်။