Posted on

IBS အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သောရောဂါ

IBS IBS ဆိုတဲ့ ရောဂါနာမည်ကို ကြားဖူးနားဝ ရှိနေကြမယ် ထင်ပါတယ်။ နာမည် အရှည်ကတော့ Irritable Bowel Syndrome ဖြစ်ပါတယ်။
အူလမ်းကြောင်းပြဿနာကြောင့် ခံစားရတဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်။
ဗိုက်အောင့်တယ် ဝမ်းလျှော/ဝမ်းပျော့လာတယ် သို့မဟုတ် ဝမ်းချုပ်လာတယ် သို့မဟုတ် ဝမ်းလျှောလိုက် ဝမ်းချုပ်လိုက် ဖြစ်နေတယ်ဆိုတာ ဒီရောဂါရဲ့ အဓိက လက္ခဏာ ဖြစ်ပါတယ်။

⚛ အဖြစ်များသလား
အဖြစ်များပါတယ်။ လူတစ်ရာမှာ ဆယ်ယောက်-အယောက်နှစ်ဆယ်လောက် ဖြစ်နိုင်ပါတယ်။ အသက် ၂၀-၄၀ ဝန်းကျင်လောက်မှာ စဖြစ်လေ့ရှိပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

⚛ ဘာကြောင့်ဖြစ်သလဲ


IBS ရောဂါ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ ယူဆချက်တွေ ရှိပါတယ်၊ တစ်ခုတည်းကြောင့်ဖြစ်ပါတယ်လို့ တိတိကျကျ ပြောလို့တော့ မရပါဘူး။
ယူဆချက်တစ်ခုကတော့ IBS ရောဂါဟာ အူမကြီးနှင့်အူများ ပုံမှန်မဟုတ်ပဲ ညှစ်နေတာကြောင့် ဖြစ်တယ် ဆိုတာပါ။ အူတွင်းမှ အစာများ ရှေ့ဆက်သွားစေရုံ စည်းချက်ကျကျ ညှစ်နေတာ မဟုတ်ပဲ တရားလွန်တွေ ညှစ်တော့ ဗိုက်တွေ ကြွက်တက်သလို ထိုးထိုးအောင့်တတ်ပါတယ်။ အစာကြေလွယ်တဲ့ အမျှင်ဓာတ်ပါ အသီးအရွက်အစားအသောက်တွေ စားပေးရင်၊ ကြွက်သားညှစ်တာကို လျော့စေတဲ့ဆေးတွေ ပေးလိုက်ရင် သက်သာတဲ့အချက်က IBS ရောဂါ ဖြစ်စေတာ အူ ညှစ်အားများနေလို့ဆိုတာကို ဖော်ပြနေပါတယ်။

မွေးရာပါ ရောဂါတော့ မဟုတ်ပါဘူး။ တစ်ချို့လူတွေမှာ အူရောင်ငန်းဖျား (တိုက်ဖွိုက်) ကဲ့သို့ ပြင်းထန်တဲ့ ရောဂါပိုး အူလမ်းကြောင်းမှာ ဝင်ပြီးမှ IBS ရောဂါ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ ဒါပေမဲ့ IBS ရောဂါရှိသူအများစုကတော့ အူလမ်းကြောင်းပိုးဝင်သလို ဖြစ်ခဲ့ဖူးတဲ့ ရောဂါရာဇဝင်ရှိမနေကြပါဘူး။

စိတ်ဖိစီးမှုများတာ၊ စိတ်ပူပန်မှုများတာက IBS ရောဂါ ဖြစ်စေတဲ့ အကြောင်းပါလို့ မပြောနိုင်ရင်တောင် IBS ရောဂါ လက္ခဏာတွေကို ပိုဆိုးစေတဲ့ အကြောင်းတွေ ဖြစ်တာ သေချာပါတယ်။ ငယ်ငယ်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတာများတဲ့ ကလေးတွေ ကြီးလာရင် IBS ဖြစ်နိုင်ခြေများပါတယ်။

တကယ်တော့ လူသားတွေက အသီးအရွက်ကို အဓိကစားဖို့ ဒီဇိုင်းလုပ်ထားတယ်လို့ ပြောနိုင်ပါတယ်၊ တခြားတိရိစ္ဆာန်တွေနဲ့ သွားပေါက်တဲ့ပုံစံ နှိုင်းယှည်ကြည့်နိုင်ပါတယ်။ သားငါးတွေ၊ ပြုပြင်ထားတဲ့ အစားအသောက်တွေကို အဓိကစားတဲ့ လူနေမှုပုံစံတွေ ပြောင်းလာတာနဲ့အမျှ အစာအိမ်အူလမ်းကြောင်းတွင်းက ပုံမှန်ရှိရမဲ့ အကျိုးပြုပိုးမွှားတွေ ဖွဲ့စည်းပုံနဲ့ အရေအတွက်တွေ ပြောင်းလဲပြီး IBS ကဲ့သို့ ရောဂါတွေ ဖြစ်လာရတယ်လို့လည်း တွေ့ရှိချက်တွေ ယူဆချက်တွေ ရှိပါတယ်။

တစ်ချို့အစားအသောက်တွေကြောင့် IBS လက္ခဏာတွေ သိသိသာသာ ပိုဆိုးစေနိုင်ပါတယ်။ အထူးသဖြင့် နို့နဲ့ နို့ထွက်ပစ္စည်းအစားအသောက်အမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ဘရိုကိုလီ ကဲ့သို့ ဂေါ်ဖီအုပ်စုဝင် အစားအစာများကြောင့် အူတွင်းလေပွစေပြီး အူတွေပိုညှစ်စေလို့ ဗိုက်ပိုအောင့်စေပါတယ်။ ရှောင်သင့်တဲ့ အစားအသောက်တွေ အောက်မှာ အသေးစိတ်ရေးပေးထားပါတယ်။

လုံးဝ မတည့်တဲ့ အစားအသောက်ကို သေချာသိလာအောင် ဆရာဝန်နဲ့တိုင်ပင် စနစ်တကျ မှတ်သားပြီး ရှောင်ကြဉ်ရမှာပါ။ သေချာမတိုင်ပင်ပဲ အစားအသောက်တွေကို ကာလရှည်ကြာ ရှောင်နေရင်လည်း အာဟာရဓာတ်ချို့တဲ့တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ် စားချင်တာမစားရလို့ စိတ်ညစ်လာနိုင်ပါတယ်။

အူတွင်းက လေနဲ့ ပုံမှန်ညှစ်နေတာကို Oversensitive ဖြစ်ပြီး လေတွေ အရမ်းပွတယ်၊ အရမ်းညှစ်နေတယ်လို့ ခံစားရခြင်းက IBS ရောဂါရဲ့ အဓိက ပြဿနာတစ်ခု ဖြစ်ပါတယ်။

⚛ ဘယ်လိုလက္ခဏာတွေ ခံစားရသလဲ
ဗိုက်အောင့်ခြင်း
ကြွက်တက်သလို ညှစ်ညှစ်အောင့်တာများပါတယ်။ စိတ်ဖိစီးမှုနဲ့ တစ်ချို့အစားအသောက်တွေအပြင် ရာသီပေါ်တဲ့နေ့ရက်တွေမှာလည်း IBS လက္ခဏာဗိုက်အောင့်ခြင်း ပိုဆိုးနိုင်ပါတယ်။

ဝမ်းပြောင်းလဲခြင်း
ဗိုက်အောင့်ခြင်းအပြင် ပုံမှန်သွားနေကျ ဝမ်းထက် အကြိမ်ရေ ပိုများလာခြင်း၊ ပိုပျော့ပြီး အရည်ပုံစံဖြစ်လာခြင်း သို့မဟုတ် အကြိမ်ရေ ပိုနည်းလာခြင်း၊ ပိုမာပြီး အတုံးအခဲပုံစံ ဖြစ်လာခြင်း သို့မဟုတ် ဝမ်းလျှောလိုက် ဝမ်းချုပ်လိုက် ဖြစ်နေခြင်း။

ဝမ်းပျော့/ဝမ်းလျှောခြင်း
တစ်ရက်ကို ၃ ကြိမ်နဲ့အထက် ဝမ်းပျော့ပျော့/အရည် သွားနေတတ်ပါတယ်။ ပုံမှန်သွားနေကျ အကြိမ်ထက်ပိုများပြီး၊ ပုံမှန်ဝမ်းထက်ပိုပျော့လာတာကိုလည်း IBS ဝမ်းလျှောခြင်းလို့ သတ်မှတ်လေ့ရှိပါတယ်။ များသောအားဖြင့် မနက်ပိုင်း အစာစားပြီးချိန်မှာ ဝမ်းသွားလေ့ရှိပါတယ်။ သွားခါနီးမှာ မထိန်းနိုင်လောက်အောင် အရမ်းသွားချင်ပြီး ဝမ်းသွားပြီးရင်လည်း ကုန်စင်အောင် မသွားလိုက်ရပဲ ဝမ်းကျန်နေသေးတယ်လို့ ခံစားရနိုင်ပါတယ်။ IBS ဝမ်းလျှောသူတွေရဲ့ တစ်ဝက်လောက်က ဝမ်းထဲမှာ အကျိအချွဲ ပါတတ်ပါတယ်။

ဝမ်းချုပ်ခြင်း
IBS ဝမ်းချုပ်ရောဂါရှိရင်တော့ ဝမ်းမကြာခဏ ချုပ်လေ့ရှိပါတယ်။ တစ်ခါချုပ်ရင် ရက်တော်တော်ကြာ ဖြစ်လေ့ရှိပါတယ်။ တစ်ပတ်ကို ဝမ်း ၃ ကြိမ်တောင်မသွားပဲ မာပြီးညှစ်ရခက်ရင် စမြင်းလုံးလေးတွေလို ဖြစ်နေရင် ဝမ်းချုပ်တယ် သတ်မှတ်နိုင်ပါတယ်။ ဝမ်းသွားဖို့ အိမ်သာမှာ အချိန်တော်တော်ကြာ ထိုင်ညှစ်နေရပြီး သွားပြီးရင်လည်း ကုန်တယ်လို့ မခံစားရတတ်ပါဘူး။

တခြားလက္ခဏာများ
ဗိုက်တင်းပြည့်ခြင်း၊ လေပွခြင်း၊ လေတက်ခြင်း

⚛ IBS ရောဂါသတ်မှတ်ခြင်း
IBS ရောဂါလို့ ပြောဖို့ Rome IV ဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။
အကြမ်းဖျင်းအားဖြင့် သုံးလနဲ့အထက် တစ်ပတ်ကိုအနည်းဆုံးတစ်ရက် ဗိုက်အောင့်ရပါမယ်၊ ဗိုက်အောင့်ခြင်းက အောက်ပါအချက်များထဲမှ (၂) ချက်နဲ့ ဆက်စပ်နေရပါမယ်
(၁) ဝမ်းသွားလျှင်သက်သာခြင်း/ပိုဆိုးခြင်း
(၂) ဝမ်းသွားသောအကြိမ်ရေ ပုံမှန်ထက် များလာခြင်း/နည်းသွားခြင်း
(၃) ဝမ်းပုံစံ ပုံမှန်ထက် ပျော့/မာ လာခြင်း

⚛ စစ်ဆေးခြင်း
IBS ရောဂါ လက္ခဏာတွေက အစာစုပ်ယူမှုအားနည်းခြင်းရောဂါ (Malabsorption)၊ နာတာရှည်အူရောင်ရမ်းရောဂါ (Inflammatory Bowel Disease IBD)၊ ဂျုံမတည့်သောရောဂါ (Celiac disease)၊ အူမကြီး မသိမသာရောင်ခြင်းရောဂါ (Microscopic Colitis) စတဲ့ရောဂါတွေနဲ့လည်း ခပ်ဆင်ဆင်ဖြစ်နေလို့ သေချာအောင် မေးမြန်းစမ်းသပ်စစ်ဆေးမှု လုပ်ဖို့ လိုပါတယ်။

သွေးစစ်ဆေးခြင်းအနေနဲ့ သွေးအားနည်းသလား၊ ခန္ဓာကိုယ်တွင်း ရောင်ရမ်းတဲ့ဓာတ်တွေ တက်နေသလား၊ ဂျုံမတည့်သောရောဂါဖြစ်နိုင်ခြေများလျှင်စစ်ဆေးခြင်း (မြန်မာမှာတော့ မရှိသလောက်ရှားပါတယ်) လည်ပင်းသိုင်းရွိုက်ဟော်မုန်းနည်း/များခြင်း၊ ကယ်လ်ဆီယမ်ဓာတ်များခြင်း၊ အူတွင်းရောင်ရမ်းမှုရှိနေသလား ဝမ်းစစ်ဆေးခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။

စစ်ဆေးမှုတွေ အားလုံးပုံမှန်ဖြစ်နေမှ IBS ရောဂါလို့ သတ်မှတ်မှာဖြစ်ပါတယ်။

⚛ အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း
IBS ရောဂါလို့ထင်ရတဲ့ လက္ခဏာတွေရှိသူဟာ
အသက် (၄၅) ကျော်မှ ဖြစ်လျှင်
အကြောင်းမဲ့ပိန်လာလျှင်
ဝမ်းသွားလျှင် မနာ/မအောင့်ပဲ သွေးပါလျှင်
အကြောင်းမဲ့ သွေးအားနည်းလျှင်
မိသားစုထဲတွင် အူမကြီးကင်ဆာဖြစ်သူရှိလျှင်
မိသားစုထဲတွင် နာတာရှည် အူမကြီးရောင်ရောဂါရှိလျှင်
ဝမ်းဗိုက်အောက်ပိုင်းမှာ အလုံးအကျိတ်စမ်းမိလျှင်
စတဲ့အချက်တွေရှိရင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေရှိလို့ အူမကြီးမှန်ပြောင်း ကြည့်ရှုစစ်ဆေးသင့်ပါတယ်။

⚛ အစားအသောက်
မိမိအတွက် IBS ရောဂါလက္ခဏာပိုဆိုးစေတဲ့ အစားအသောက်တွေကို သေချာသိနိုင်ဖို့ အောက်ပါ အစားအစာအုပ်စုအားလုံးကို အနည်းဆုံး ၂ ပတ်မှ ၆ ပတ်အထိ လုံးဝ ရှောင်လိုက်ပါ (၆ ပတ်ထက် ပိုရှောင်တာတော့ မကောင်းပါ)။ သက်သာလာမှ တစ်မျိုချင်းစီ ပြန်စားကြည့်ပါ။ စားလိုက်တိုင်း လက္ခဏာပိုဆိုးစေတဲ့ အစားအသောက်ကို မှတ်သားပြီး ရေရှည်ရှောင်သင့်ပါတယ်။

⚛ ရှောင်ရန် အစားအသောက်များ
လေပွစေတဲ့ အစားအသောက်တွေကို ရှောင်ပါ
နို့နှင့်နို့ထွက်ပစ္စည်းအစားအသောက်အမျိုးမျိုး၊ ပူတင်း၊ ရေခဲမုန့်၊ ပဲအမျိုးမျိုး၊
ပေါင်မုန့် ခေါက်ဆွဲ ပီဇာကဲ့သို့ ဂျုံဖြင့်ပြုလုပ်သောအစား‌အသောက်အမျိုးမျိုး၊
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ဘရိုကိုလီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ တရုတ်နံနံ၊ ကညွတ်၊ မှို၊
ပန်းသီး၊ သစ်တော်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ မက်မွန်သီး၊ ဆီးသီး၊ ချယ်ရီသီး၊
သီဟိုဠ်စေ့၊ ပစ်စတာချီယိုစေ့၊
အရက်၊ ဘီယာ၊ ကော်ဖီ၊ အချိုရည်အမျိုးမျိုး၊ ပျားရည်၊
ကိတ်၊ ချောကလက်၊ ချိုချဉ်စသော မုန့်အချိုအမျိုးမျိုး



တခြားအစားအသောက်တွေက များသောအားဖြင့် တည့်ပါတယ်။ ဒိန်ချဉ်ကတော့ တည့်သူရှိသလို မတည့်သူလည်းရှိပါတယ်။ IBS ဝမ်းချုပ်ရောဂါမှာ အစာကျေလွယ်တဲ့ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်နဲ့ အစားအစာတွေကဘယ်အစားအသောက်ဖြစ်ဖြစ် စားလိုက်တိုင်း IBS ရောဂါလက္ခဏာတွေ ပိုဆိုးစေတယ်ဆိုရင် မှတ်သားပြီး ရှောင်ကျဉ်သင့်ပါတယ်။

⚛ နေထိုင်မှုပုံစံ
စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုကို အတတ်နိုင်ဆုံးလျှော့ချနိုင်အောင် ကိုယ်လက်လှုပ်ရှားအားကစား တစ်မျိုးမျိုးကို ပုံမှန်ပြုလုပ်ခြင်း (တစ်ရက် နာရီဝက်၊ တစ်ပတ် ၅ ရက်ခန့်)၊ ဝါသနာပါသော အလုပ်တွင် အာရုံစိုက်ခြင်း၊ တရားထိုင်ခြင်း ပြုလုပ်သင့်ပါတယ်။
တစ်ရက်အနည်းဆုံး ၇ နာရီခန့် အိပ်ရေးဝဝ အိပ်ပါ။
ဆေးလိပ်သောက်ရင် ဖြတ်သင့်ပါတယ်။

⚛ ကုသခြင်း
သေချာမကုရင် သိသိသာသာမသက်သာပါဘူး စိတ်ညစ်ရပါတယ်။
သိသိသာသာ သက်သာလာအောင် စနစ်တကျကုရပါတယ်၊ ရေရှည် ဆောင်ရန် ရှောင်ရန်နဲ့ သင့်တော်တဲ့ ဆေးဝါးများပေးပြီး ကုသရပါတယ်။
နာတာရှည် ရောဂါတစ်မျိုးဖြစ်ပြီး အရှင်းပျောက်အောင်ကုဖို့မလွယ်ပါ၊ သက်သာအောင် နေကောင်းအောင် ကုသပေးနိုင်ပါတယ်။
ကျွမ်းကျင်တဲ့ သမားတော် သို့မဟုတ် အစာအိမ်နဲ့အူလမ်းကြောင်း အထူးကုသမားတော်နဲ့ တိုင်ပင်ကုသင့်ပါတယ်။

လူနာရော၊ ကုသပေးနေရတဲ့သူတွေပါ မသိသေးရင် သိနိုင်အောင် ဆေးနာမည်တွေပါ ရေးပေးထားပါတယ်။ မိမိသဘောနဲ့ ဆေးတွေ မသောက်သင့်ပါ စနစ်မကျရင် ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။

IBS ရောဂါမှာ ဗိုက်အောင့်သက်သာရန်အတွက် အစားအသောက်အနေအထိုင်ကို ညွှန်ကြားချက်အတိုင်း အရင် လိုက်နာပြောင်းလဲသင့်ပါတယ်။ အောင့်နေသေးရင် Hyoscine, Mebeverine, Drotaverine ကဲ့သို့ အူညှစ်တာကို ထိန်းတဲ့ဆေးတွေ အကျိုးရှိပါတယ်။ မသက်သာသေးရင် Oversensitive သိရှိခံစားနေရတာကို ထိန်းတဲ့ Amitriptyline, Escitalopram, Sertraline လိုဆေးတွေက အကျိုးရှိနိုင်ပါတယ်။

IBS ဝမ်းလျှောရောဂါအတွက် Loperamide လို ဝမ်းပိတ်ဆေးတွေက အကျိုးရှိပါတယ်။ ဝမ်းလျှောနေသေးရင် Alosetron (ဒီမှာတော့ Ondansetron ပဲ ရမယ်)၊ Rifaximin လိုဆေးတွေက အထောက်အကူပြုနိုင်တယ်။
Probiotics တွေက တစ်ချို့မှာ သက်သာစေပေမဲ့ ဘယ်အမျိုးအစား ပမာဏဘယ်လောက် အချိန်ဘယ်လောက်ကြာကြာပေးပါဆိုတဲ့ ခိုင်မာတဲ့ သုတေသနနဲ့ ညွှန်ကြားချက်တွေ နည်းနေပါသေးတယ်။

IBS ဝမ်းချုပ်ရောဂါအတွက် အစာကျေလွယ်တဲ့ အမျှင်ဓာတ်ပါ အစားအစာကို ဗိုက်ပိုပွလို့ မစားနိုင်ရင် အမျှင်ဓာတ်ဖြည့်ဝမ်းပျော့ဆေးအထုပ်လေးတွေ သောက်တာ သင့်တော်ပါတယ်၊ ဒီမှာလည်း ရနိုင်ပါတယ်၊ မသက်သာရင် Polyethylene glycol (PEG) ဝမ်းနှုတ်ဆေးအထုပ်လေးတွေ သောက်တာ အကျိုးရှိပါတယ်။ ဝမ်းချုပ်မသက်သာသေးရင် ဆက်ပေးသင့်တဲ့ ဆေးတွေတော့ ရှိတယ် မြန်မာနိုင်ငံမှာတော့ ရှားတယ် ရအောင် ကြိုးစားကြည့်နေပါတယ်။

ရောဂါလက္ခဏာ ပြောင်းလဲမှုအပေါ်မူတည်ပြီး ဆေးအတိုးအလျှော့လုပ်ပေးဖို့ လိုတာမို့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ညွှန်ကြားတဲ့အတိုင်း ပြန်လည်တိုင်ပင်ကုသဖို့ တိုက်တွန်းချင်ပါတယ်။

အဖြစ်များတဲ့ စိတ်ဒုက္ခပေးတဲ့ IBS ရောဂါအကြောင်း ဗဟုသုတ တိုးပွားပြီး ကျန်းမာပျော်ရွင်ကြပါစေ။

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

References:
UpToDate, ACG & BSG Guidelines 2021, AGA Guideline 2022

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မှန်ကန်တဲ့ ကျန်းမာရေး ဗဟုသုတတွေ ပြန့်ပွားစေဖို့ ရောဂါဝေဒနာတွေ မှန်ကန်တဲ့ ကုသမှုရပြီး ပျောက်ကင်းကြစေဖို့ စေတနာအရင်းခံနဲ့ ၂၀၁၃ ခုနှစ်ကစပြီး Happy & Healthy page အနေနဲ့ တစ်ထောင့်တစ်နေရာက ပါဝင် ရေးသားမျှဝေပေးနေတာ ဖြစ်ပါတယ်။

လိုအပ်တဲ့သူတွေ သိနိုင်အောင် ထပ်ဆင့် မျှဝေပေးနိုင်ပါတယ်။