Posted on

H pylori အစာအိမ်ပိုး

အစာအိမ်ပိုးဆိုတာ Helicobacter pylori (H. pylori) လို့‌ခေါ်တဲ့ ဘက်တီးရီးယားပိုး ဖြစ်ပါတယ်။

သုတေသနတွေအရ နိုင်ငံတော်တော်များများရဲ့ လူဦးရေ တစ်ဝက်လောက်အထိ အစာအိမ်ပိုးကူးစက်နေတာကို တွေ့ရှိရပါတယ်။ ကလေးဘဝမှာ ကူးခဲ့တာ များပါတယ်။

ကူးစက်ပြီးရင်လည်း အချိန်တန်ရင် ပျောက်သွားတတ်တဲ့ ပိုးအမျိုးအစားမဟုတ်ပါ၊ စနစ်တကျ ကုသမှသာ ပျောက်နိုင်ပါတယ်။

ကူးစက်နိုင်သောနည်းလမ်းများ

—————————–

အစားအသောက်ကဖြစ်စေ၊ လက်ကဖြစ်စေ၊ ပါးစပ်ချင်းထိစပ်ရာကဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် အစာအိမ်ပိုး ပါးစပ်တွင်းဝင်ရောက်ရာကတစ်ဆင့် အစာအိမ်မှာ မှီခိုပွားများပြီး ဒုက္ခပေးတာ ဖြစ်ပါတယ်။

အစာအိမ်ပိုးရှိသူနဲ့ မုန့်တစ်ခုကို မျှဝေကိုက်စားခြင်း၊ တစ်ဇွန်းတည်းတူတူစားခြင်း၊ တစ်ခွက်တည်းတူတူသောက်ခြင်းတေွ ကလည်း ကူးစက်နိုင်တဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

အစာအိမ်ပိုးကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများ

—————————–

အစာအိမ်ပိုးရှိနေသူတွေဟာ အစာအိမ်နဲ့အူသိမ်မှာ ပွန်းခြင်း၊ ရောင်ခြင်း၊ အနာဖြစ်ခြင်း ဖြစ်နိုင်ခြေများပါတယ်။

အစာအိမ်ပိုးရှိသူ (၅) ယောက်မှာ (၁) ယောက်ကတော့ တစ်ချိန်ချိန်မှာ အစာအိမ်/အူသိမ် အနာဖြစ်နိုင်ခြေရှိပါတယ်။

ပိုဆိုးတဲ့ ပြဿနာကတော့ ကြာလာရင် အစာအိမ်ပိုးရှိသူတွေရဲ့ (၂) ရာခိုင်နှုန်းမှာ အစာအိမ်ကင်ဆာ ဖြစ်နိုင်တာပါ။ (၂) ရာခိုင်နှုန်းပဲ ဆိုပြီး လျှော့တွက်လို့တော့မရပါဘူး။

အစာအိမ်ကင်ဆာရှိသူ (၆၅ – ၈၀) ရာခိုင်နှုန်းမှာ H. pylori အစာအိမ်ပိုးရှိတာကို တွေ့ရတဲ့အတွက် ပေါ့ဆ လို့မရတဲ့ ပိုးအမျိုးအစားဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

———————

အစာအိမ်ပိုးရှိသူအများစုမှာ လက္ခဏာပြလေ့မရှိပါ။ အစာအိမ်နဲ့အူသိမ် ပွန်းရောင်၊ အနာဖြစ်ရင်တော့ ဝမ်းဗိုက်အပေါ်ပိုင်း အောင့်ခြင်း၊ မအီမသာဖြစ်ြခင်း၊ လေပွခြင်း ဖြစ်တတ်ပါတယ်။

အစားအသောက်နည်းနည်းစားရုံနဲ့ ရင်ပြည့် ရင်ကယ်ဖြစ်ပြီး အစားအသောက်ပျက်နိုင်ပါတယ်။

တချို့မှာ ပျို့ခြင်း၊ အန်ခြင်းဖြစ်နိုင်ပါတယ်။

အစာအိမ်/အူသိမ် အနာက သွေးထွက်တယ်ဆိုရင် သွေးအန်ခြင်း၊ ကတ္တရာစေးလိုဝမ်းမည်းမည်းသွားခြင်း ဖြစ်နိုင်ပါတယ်။ သွေးအားနည်းလို့ လူက ပင်ပန်းနွမ်းနယ် ဖြစ်နေနိုင်ပါတယ်။

ကျွမ်းကျင်သောဆရာဝန်နှင့်တိုင်ပင်ပါ

—————————–

အထက်ပါ လက္ခဏာတွေရှိနေရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စမ်းသပ် စစ်ဆေး ကုသသင့်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းအထူးကုသမားတော်နဲ့ ပြသတိုင်ပင်နိုင်ရင်တော့ ပိုကောင်းပါတယ်။

ဗိုက်မကြာခဏအောင့်တတ်သူ၊ ဗိုက်မအီမသာဖြစ်တတ်သူတွေမှာ အစာအိမ်ပိုးစစ်ဆေးသင့်ပါတယ်။

သွေးအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ သွေးအားနည်းခြင်း၊ ပိန်လာခြင်း၊ မိသားစုထဲမှာ အစာအိမ်ကင်ဆာဖြစ်သူရှိခြင်း၊ အစာအိမ်ဆေးတစ်လလောက်သောက်ပြီး မသက်သာခြင်း စတဲ့အချက်တွေရှိရင်တော့ အစာအိမ်နဲ့အူသိမ်မှန်ပြောင်း အမြန်ဆုံး ကြည့်ဖို့ လိုအပ်ပါတယ်။

မှန်ပြောင်းကြည့်တဲ့အခါ အစာအိမ်နဲ့အူသိမ်မှာ ပွန်းရောင်ခြင်း၊ အနာ သို့မဟုတ် ကင်ဆာဖြစ်နိုင်ခြေ တွေ့ရရင်လည်း အစာအိမ်ပိုး စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

အစာအိမ်ကင်ဆာအဖြစ်များတဲ့နိုင်ငံတွေမှာဆိုရင် လူတိုင်း အစာအိမ်ပိုးစစ်သင့်ပြီး ပိုးရှိရင်ကုသသင့်တယ် (Test and Treat) လို့ တိုက်တွန်းကြပါတယ်။

စစ်ဆေးနည်းများ

——————

အစာအိမ်ပိုး ရှိ/မရှိ စစ်ဆေးခြင်း မပြုလုပ်မီ ပိုးသတ်ဆေးအမျိုးအစားတွေ အနည်းဆုံး တစ်လ၊ (Omeprazole, Esomeprazole, Pantoprazole, Rabeprazole) စတဲ့ အစာအိမ်ဆေးတွေ အနည်းဆုံး နှစ်ပတ် ရပ်ထားဖို့ လိုပါတယ်။ အဲ့ဒီဆေးတွေ မရပ်ပဲ စစ်မိရင် ပိုးရှိနေပေမဲ့ မရှိဘူးဆိုတဲ့ အဖြေမှားပြီး ထွက်တတ်ပါတယ်။

၁။ Stool H. pylori Antigen Test အစာအိမ်ပိုးရှိ/မရှိ ဝမ်းစစ်ဆေးခြင်း

(ဝမ်းသွားစဉ် ဝမ်းအနည်းငယ်ယူပြီး ၂ နာရီဝန်းကျင်အတွင်း စစ်သင့်ပါတယ်၊ ဆရာဝန်ညွှန်ကြားချက်ယူပြီး စစ်ဆေးတဲ့ပစ္စည်းနဲ့နည်းလမ်းသိရင် ကိုယ်တိုင်လည်းစစ်လို့ရပါတယ်၊ နီးစပ်ရာ ဓာတ်ခွဲခန်းကိုလည်း ပို့ပြီး စစ်နိုင်ပါတယ်)

၂။ Urea Breath Test ဆေးလုံးသောက်ပြီး အသက်ရှုမှုတ်ထုတ်တဲ့လေကိုစုဆောင်း စစ်ဆေးခြင်း (စစ်ဆေးဖို့စက်ရှိတဲ့ ဆေးခန်း/ဓာတ်ခွဲခန်းမှာပဲ စစ်လို့ရပါမယ်)

၃။ Rapid Urease Test အစာအိမ်မှန်ပြောင်းကြည့်ဖို့လိုအပ်လို့ ကြည့်ချိန်မှာ အစာအိမ်မှအသားစသေးသေးယူပြီး စစ်ဆေးခြင်း

၄။ H. pylori Antibody Test အစာအိမ်ပိုးရှိ/မရှိ သွေးစစ်ဆေးခြင်း

(အရင်က အစာအိမ်ပိုးရှိဖူးပြီး ကုပြီးရင်တောင် ပိုးရှိတယ်ပဲ ဆက်ပြနေတတ်ပါတယ်၊ ဦးစားပေးရွေးချယ်သင့်တဲ့ စစ်ဆေးနည်းမဟုတ်ပါ)

ကုသနည်း

———-

အစာအိမ်ပိုးရှိတယ်လို့ တွေ့ရရင် အရှင်းပျောက်အောင် စနစ်တကျ ကုသမှုခံယူဖို့ (H. pylori Eradication)၊ ကုသပြီးရင်လည်း ပျောက်ကင်းသွားပြီလား ပြန်စစ်ဖို့ (Confirmation) လိုအပ်ပါတယ်။

အရင်က သောက်ဖူးတဲ့ ပိုးသတ်ဆေး၊ မတည့်တဲ့ပိုးသတ်ဆေးတွေရှိလား ဆိုတာမေးမြန်းပြီး အစာအိမ်ပိုးကုသရန် ဆေးအတွဲကို ရွေးချယ်ပေးရပါတယ်။

(Rabeprazole, Esomeprazole, Omeprazole, Pantoprazole) စတဲ့ အစာအိမ်အက်စစ်ထိန်းတဲ့ဆေးတစ်မျိုးနဲ့ ပိုးသတ်ဆေး အနည်းဆုံး နှစ်မျိုး (လိုအပ်ရင် သုံးမျိုး) တွဲပြီး နှစ်ပတ် သေချာသောက်ဖို့ လိုအပ်ပါတယ်။

တစ်ခါကုပြီး မပျောက်တဲ့သူတွေ၊ အရင်က တချို့ပိုးသတ်ဆေးတွေကို ကြာကြာသောက်ဖူးသူတွေမှာ Bismuth ပါဝင်တဲ့ ဆေး လေးမျိုးအတွဲနဲ့ ကုသဖို့ လိုအပ်နိုင်ပါတယ်။

ကုသပြီး ပျောက်သလား ပြန်စစ်ဖို့ အရေးကြီးပါတယ်။ မပျောက်တဲ့ သူတွေ ရှိလာလို့ပါ။

မပျောက်ရင် အစာအိမ်နဲ့အူသိမ်အနာဖြစ်နိုင်ခြေ၊ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ ရှိပါသေးတယ်။

အစာအိမ်ပိုးအရှင်းပျောက်ကင်းပြီလား သိနိုင်ဖို့အစာအိမ်ပိုးသတ်ဆေးနဲ့ကုသဆေးတွေ ရက်ပြည့်အောင်သောက်ပြီး အနည်းဆုံး တစ်လ အကြာမှာ ဝမ်းစစ်ဆေးခြင်း သို့မဟုတ် လေမှုတ်စစ်ဆေးခြင်းနဲ့ စစ်ဆေးသင့်ပါတယ်။

အစာအိမ်အနာရှိသူတွေမှာတော့ (၂) လ အကြာမှာ အနာကောင်းကောင်းကျက်ရဲ့လား၊ ကင်ဆာဖြစ်နိုင်ခြေများ ရှိနေမလားဆိုတာ မှန်ပြောင်းပြန်ကြည့်ရင်း အသားစယူပြီး အစာအိမ်ပိုးပျောက်ကင်းပြီလားဆိုတာပါ စစ်ဆေးနိုင်ပါတယ်။

အစာအိမ်ပိုးကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ ကင်းဝေးကြပါစေ။

#Hpylori #HappyHealthy

References

1. American College of Gastroenterology (Patient information), 2021

2. World Gastroenterology Organization Guideline, 2021

3. Fock KM, JGH, 2010

ဒေါက်တာငြိမ်းကိုဟိန်း

Happy & Healthy

အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ်ရောဂါအမျိုးမျိုးအကြောင်း ဗဟုသုတတွေကို နည်းနည်းချင်းစီ ရေးသားပေးခြင်း၊ ဗီဒီယိုနဲ့တင်ဆက်ပေးခြင်းကို တနင်္ဂနွေနေ့တိုင်း ပုံမှန်ပြုလုပ်ပေးပါမယ်။

ခင်မင်သူတွေသိအောင်လည်း မျှဝေပေးနိုင်ပါတယ်

ကျန်းမာပျော်ရွင်ကြပါစေ