Posted on

H pylori အစာအိမ်ပိုး

ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်လောက်မှာ အစာအိမ်ပိုး (Helicobacter pylori) ရှိနေတယ်လို့ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အဖြစ်များပြီး မကြာခဏ ဗိုက်အောင့်တဲ့ ပြဿနာရဲ့ တရားခံလည်း ဖြစ်နေတတ်ပါတယ်။

အစာအိမ်ပိုးကို စစ်ဆေးပြီး သေချာကုသဖို့ လိုအပ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အစာအိမ်ပိုးက အစာအိမ်ရောင်၊ အူသိမ်အနာ၊ အစာအိမ်အနာဖြစ်စေတာတင်မကပဲ အစာအိမ်ကင်ဆာလည်း ဖြစ်စေနိုင်လို့ပါ။ အစာအိမ်ကင်ဆာ ဖြစ်သူတွေရဲ့ (၈၅ ရာခိုင်နှုန်းကျော်) က အစာအိမ်ပိုးကြောင့် ဖြစ်ပါတယ်။

ဒီလိုလူတွေမှာ ပိုးရှိမရှိ စစ်သင့်တယ်

အကြောင်းအမျိုးမျိုးကြောင့် အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ဖြစ်ပြီး

အူသိမ် သို့မဟုတ် အစာအိမ်မှာ အနာရှိနေသူတွေ

အူသိမ် သို့မဟုတ် အစာအိမ်မှာ အနာဖြစ်ဖူးပြီး ပိုးမစစ်ရသေးသူတွေ

အစာအိမ်နံရံမှာ ပြန်ရေကြောကျိတ် ကြီးနေသူတွေ

အစာအိမ်အိမ်ကင်ဆာ ကနဦးအဆင့်မှာ တွေ့ပြီး ခွဲစိတ်ထားတဲ့သူတွေ မှာ ပိုးရှိမရှိ စစ်သင့်ပါတယ်။

အစာအိမ်ကင်ဆာ အဖြစ်များတဲ့ နိုင်ငံတွေမှာတော့ ဘာလက္ခဏာမှ မရှိရင်တောင် Screening အနေနဲ့ စစ်ဆေးပေးနေကြပါပြီ။

ပိုးရှိသူတွေမှာ အစာအိမ်ဆေး (Omeprazole/Pantoprazole/Rabeprazole etc) တစ်မျိုးပဲသောက်တယ်ဆိုရင် အနာတော့ ကျက်နိုင်ပေမဲ့ ပိုးရှိနေသေးလို့ မကြာခဏ ပြန်ဖြစ်နေဖို့ များပါတယ်။

Urea Breath Test (UBT) နဲ့ H. pylori Stool Antigen Test တွေနဲ့ စစ်တာက ကောင်းပါတယ်။ သွေးစစ်တာတော့ အရင်ဖြစ်ဖူးတာလား ခုဖြစ်နေတာလား မခွဲနိုင်ပါဘူး။

မကြာခဏ ဗိုက်အောင့်ဗိုက်နာဖြစ်တယ်၊ အသက် ၅၀ ကျော်၊ သွေးအားလည်းနည်းတယ်၊ ပိန်လာတယ်၊ မိသားစုထဲမှာလည်း အစာအိမ်ကင်ဆာဖြစ်ဖူးသူရှိတယ် စတဲ့အချက်တွေထဲက တစ်ခုခု ရှိနေရင်တော့ အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ပြီး ရောဂါရှာဖွေ ကုသသင့်ပါတယ်။

အစာအိမ်ပိုးကို ပျောက်ကင်းအောင် စနစ်တကျ ကုသခြင်းအားဖြင့် အစာအိမ်ကင်ဆာဖြစ်ပွားနှုန်းကို အများကြီး လျှော့ချနိုင်ပါတယ်။