Posted on

စားချဉ့်ပြန်ရောဂါ

ဒီပို့စ်မှာ စားချဉ့်ပြန်ရောဂါ GERD နဲ့ပတ်သက်လို့ စုံစုံလင်လင်သိရအောင် ရေးပေးထားပါတယ်။
အောက်ပါခေါင်းစဉ်လေးတွေပါပါတယ်
⨀ စားချဉ့်ပြန်ရောဂါဆိုတာဘာလဲ
⨀ စားချဉ့်ပြန်ရောဂါဘာကြောင့်ဖြစ်လဲ
⨀ စားချဉ့်ပြန်ရောဂါဖြစ်စေသောအကြောင်းများ
⨀ ဘာလက္ခဏာတွေပြလဲ
⨀ ရောဂါကြီးကြီးမားမားရှိနိုင်သော လက္ခဏာများ
⨀ စမ်းသပ်စစ်ဆေးခြင်း
⨀ ရှောင်သင့်သော အစားအသောက်များ
⨀ ကုသခြင်း

ပထမဆုံးသိစေချင်တာက
⨀ စားချဉ့်ပြန်ရောဂါဆိုတာဘာလဲ

❝ စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် မကြာခဏ ရင်ပူတယ်၊ လေချဉ်တက်တယ် ❞

စားချဉ့်ပြန်ရောဂါရဲ့ ထုံးစံ ခံစားရလေ့ရှိတဲ့ လက္ခဏာတွေပါ
လူဆယ်ယောက်မှာ တစ်ယောက်လောက်ခံစားရအောင် အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
ရောဂါမရှိသူတွေမှာလည်း တစ်ခါတစ်ရံ ရင်ပူတာ လေချဉ်တက်တာ ဖြစ်နိုင်ပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် မကြာခဏဖြစ်နေမှ စားချဉ့်ပြန်ရောဂါအဖြစ် သတ်မှတ်ပါတယ်။
အသက်အန္တရာယ်မဖြစ်လောက်ပေမဲ့ သင့်ရဲ့ ပုံမှန်ဘဝနေထိုင်သွားလာစားသောက်မှုပုံစံကို ပျက်ယွင်းစေနိုင်ပါတယ်။ အစားပျက် အအိပ်ပျက်ဖြစ်စေပါတယ်။

⨀ စားချဉ့်ပြန်ရောဂါဘာကြောင့်ဖြစ်လဲ
အစာအိမ်ထဲက အစာခြေဖို့ အက်ဆစ်အရည်တွေ အစာရေမျိုပြွန်ထဲကို ပုံမှန်မဟုတ်ပဲ ပြန်တက်လာလို့ ဖြစ်တာပါ။ ပါးစပ်ထဲထိ ပြန်တက်နိုင်ပါတယ်။
ပုံမှန်အခြေအနေမှာ အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ပြန်မတက်လာအောင် အစာမျိုပြွန်နဲ့ အစာအိမ်ဆက်တဲ့နေရာမှာ ရှုံ့ကြွက်သားနဲ့ ရှုံ့ကြိုးလေးလို စုပြီးပိတ်ထားပေးပါတယ်။
ရှုံ့ကြွက်သားက လျော့ရဲနေရင်ဖြစ်စေ၊ အစာရေမျိုပြွန်အောက်ပိုင်းက ပုံမှန်မဟုတ်ပဲ ကျယ်ကျယ်နဲ့ကြာကြာပွင့်နေရင် ဖြစ်စေ၊ အစာအိမ်အပေါ်ပိုင်းတစ်စိတ်တစ်ပိုင်းက ရင်ဝမ်းခြားကြွက်သားအပေါက်ကိုကျော်ပြီး ရင်ခေါင်းအကန့်ထဲကို ကျွံလာရင်ဖြစ်စေ စားချဉ့်ပြန်ရောဂါ ဖြစ်လာတော့တာပါပဲ။

⨀ စားချဉ့်ပြန်ရောဂါဖြစ်စေသောအကြောင်းများ
စားချဉ့်ပြန်ရောဂါက အောက်ပါအကြောင်းတွေနဲ့ ဆက်စပ်နေပါတယ်
👉 ပြောရတာတော့အားနာပါတယ် ဝလို့ ဖြစ်ပါတယ်။ အဝလွန်ခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းမှာ ဝမ်းဗိုက်တွင်းဖိအားတက်လာပြီး အစာအိမ်ကို ဖိလို့ အစာအိမ်တွင်းက အက်ဆစ်ရည်တွေ အပေါ်ပြန်တက်လာပါတယ်။
👉 အစာရေမျိုပြွန်အောက်ပိုင်းရှုံ့ကြွက်သား လျော့ရဲစေသော ဆေးများ၊ အက်ဆစ်ဓာတ်ထွက်တာများစေသော ဆေးများ သောက်သုံးနေမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးကျဲဆေး၊ အကိုက်အခဲပျောက်အရောင်ကျဆေးတွေကြောင့်လည်း ပိုဆိုးပါတယ်။
👉 ဆေးလိပ်သောက်ရင်ပါတဲ့ နီကိုတင်းဓာတ်ကြောင့် အစာမျိုပြွန်ရှုံ့ကြွက်သားလျော့ရဲလို့ အက်ဆစ်ဓာတ်တွေ ပြန်ဆန်တက်ပါတယ်။
👉 အရက်သောက်ခြင်းကြောင့် အစာမျိုပြွန်လှုပ်ရှားမှုနှေးစေ အတွင်းနံရံထိခိုက်ပျက်စီးစေပြီး စားချဉ့်ပြန်ရောဂါ ဖြစ်စေနိုင်ပါတယ်။
👉 အသက်အရွယ်ကြီးလာရင်လည်း အစာမျိုပြွန်အောက်ပိုင်း ရှုံ့ကြွက်သားတွေ လျော့ရဲလာပြီး စားချဉ့်ပြန်ရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်။
👉 တချို့သောအစားသောက်တွေ၊ ဘယ်လောက်မြန်မြန်စားလိုက်သလဲ၊ ဘယ်လောက်များများစားလိုက်သလဲ စတဲ့အချက်တွေကလည်း စားချဉ့်ပြန်ရောဂါနဲ့ သက်ဆိုင်ပါတယ်။

⨀ ဘာလက္ခဏာတွေပြလဲ
➡️ ရင်ပူခြင်း – ရင်ဝမှာပူနေပြီးလည်ချောင်းနားထိတက်လာနိုင်တယ်၊ ပက်လက်လှဲလိုက်ရင်၊ ခါးရှေ့ကိုင်းလိုက်ရင် ပိုဆိုးနိုင်တယ်၊ စားပြီးခါစပိုဖြစ်တတ်တယ်။
➡️ ပါးစပ်ထဲထိအစာပြန်တက်ခြင်း – စားထားတဲ့အစားအသောက်တွေ အစာအိမ်ထဲက အစာခြေရည်နဲ့ရောပြီး အစာရေမျိုပြွန်ကတစ်ဆင့် ပါးစပ်ထဲကို ပြန်တက်လာနိုင်ပါတယ်။ ချဉ် သို့မဟုတ် ခါးတဲ့ အရသာပါ ရှိပါလိမ့်မယ်။ (ချဉ်တာက အက်ဆစ်ဓာတ်ကြောင့်၊ ခါးတာက အူသိမ်ဦးပိုင်းတွင်းက သည်းခြေရည်ပါ ပါလာတာကြောင့်ပါ)
➡️ လည်ချောင်းနာခြင်း – ပြန်တက်လာတဲ့အက်ဆစ်ရည်ကြောင့် လည်ချောင်းပူခြင်း၊ နာခြင်းက ပုံမှန်လို မပျောက်ပဲ ကြာရှည်ဖြစ်နေနိုင်ပါတယ်။
➡️ အသံကွဲအက်အက်ဖြစ်ခြင်း – အသံကြိုးနဲ့ အသံအိုးကိုပါ ပြဿနာပေးလို့ပါ
➡️ ချောင်းဆိုးခြင်း – အက်ဆစ်ရည်ရဲ့ လှုံ့ဆော်မှုကြောင့် နာတာရှည် ချောင်းဆိုးခြင်းလည်း ဖြစ်နိုင်ပါတယ်။
➡️ ပန်းနာရင်ကျပ် – ပြန်တက်လာတဲ့ အက်ဆစ်ရည်အနည်းငယ် လေပြွန်ထဲဝင်လို့ လေပြွန်ကျဉ်းတဲ့ တုံ့ပြန်မှုကြောင့် နာတာရှည် ပန်းနာရင်ကျပ်လည်း ဖြစ်နိုင်ပါတယ်။ ရင်ကျပ်သက်သာတဲ့ဆေး ပေးရုံနဲ့ မပျောက်နိုင်တဲ့ ရင်ကျပ်ရောဂါပေါ့။
➡️ ရင်ဘတ်အောင့်ခြင်း – အက်ဆစ်ရည်နဲ့ထိတွေ့ရင် အစာရေမျိုပြွန်က အောင့်တဲ့ဝေဒနာနဲ့လည်း ဖော်ပြတတ်ပါတယ်။ နှလုံးရောဂါလို့မှားနိုင်လို့ နှလုံးစစ်ဆေးမှုတော့ လုပ်သင့်ပါတယ်။ အက်ဆစ်ဓာတ်လျော့ကျစေတဲ့ အစာအိမ်ဆေးပေးလိုက်ရင် သက်သာတတ်တဲ့ ရင်ဘတ်အောင့်ရောဂါပါ။
➡️ လည်ချောင်းမှာတစ်ဆို့ဆို့ခံစားရခြင်း – အက်ဆစ်ရည်နဲ့ထိတွေ့တာများလို့ အစာရေမျိုပြွန်က တုံ့ပြန်မှုလွန်ကဲပြီး တကယ်တစ်ဆို့နေတာမရှိပေမဲ့ လည်ချောင်းတစ်နေရာရာမှာ တစ်ဆို့တစ်ဆို့ ဖြစ်နေတယ်ဆိုတဲ့ ခံစားမှုကို ပေးနေတာပါ။ တော်တော်ကို အဖြစ်များ အတွေ့ရများတဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။
➡️ အစားအသောက်မျိုချရင် ခက်ခဲခြင်း၊ တစ်နေခြင်း၊ နာခြင်း – အစာမျိုပြွန်၊အစာအိမ်နဲ့အူသိမ်မှန်ပြောင်း ကြည့်ရှုစစ်ဆေးပေးဖို့ လိုပါမယ်။
➡️ ပျို့ပျို့နေခြင်း – အန်မထွက်ပေမဲ့ ပြန်ဆန်တက်လာတဲ့ အက်ဆစ်ရည်ကြောင့် ပျို့ပျို့နေတတ်ပါတယ်။
➡️ တံတွေးထွက်များခြင်း – ပါးစပ်တွင်းထိပြန်တက်လာတဲ့ အက်ဆစ်ရည်ရဲ့ လှုံ့ဆော်မှုကြောင့် တံတွေးထွက်တာများလာပါတယ်။
➡️ အေ့အေ့နဲ့ လေတက်ခြင်း – မကြာခဏ တအေ့အေ့နဲ့ လေပျို့ခြင်း၊ လေတက်ခြင်း၊ လေချဉ်တက်ခြင်း၊ ကြို့ထိုးခြင်း။
➡️ အန်ခြင်း – တချို့မှာတော့ မကြာခဏအန်ခြင်း ဖြစ်နိုင်ပါတယ်။

⚠️ ရောဂါကြီးကြီးမားမားရှိနိုင်သော လက္ခဏာများ
သွေးအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ မကြာခဏအန်ခြင်း၊ အစာမျိုချရခက်ခြင်း၊ အကြောင်းမဲ့ပိန်လာခြင်း၊ ဗိုက်တွင်အလုံးအကျိတ်စမ်းမိခြင်း၊ သွေးစစ်ဆေးမှုတွင် သွေးအားနည်းနေခြင်း၊ မိသားစုရင်းများတွင် အစာအိမ်ကင်ဆာဖြစ်ဖူးခြင်း။
အထက်ပါအချက်တစ်ခုခု ရှိရင်တော့ ဘယ်အသက်အရွယ်ဖြစ်ဖြစ် အစာမျိုပြွန်၊အစာအိမ်နဲ့အူသိမ်မှန်ပြောင်း ကြည့်ဖို့ လိုပါတယ်
ဗိုက်ကသိကအောက်ဖြစ်သူက အသက် (၅၀) ကျော်ရင်တော့ မှန်ပြောင်း စောစောကြည့်ဖို့ တိုက်တွန်းပါတယ်။
အစာရေမျိုပြွန်၊ အစာအိမ်နဲ့အူသိမ်ရောင်ခြင်း၊ ပွန်းခြင်း၊ အနာဖြစ်ခြင်း၊ အကျိတ်ရှိခြင်း၊ အစာအိမ်ကျွံခြင်း ပြဿနာတွေ တွေ့ရနိုင်ပါတယ်။

⨀ စမ်းသပ်စစ်ဆေးခြင်း
ကျွမ်းကျင်တဲ့ဆရာဝန် သို့မဟုတ် အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ တိုင်ပင်ပါ။
👉 ရင်ပူခြင်း လေချဉ်တက်ခြင်းကဲ့သို့ စားချဉ့်ပြန်ခြင်းရဲ့ ထုံးစံ လက္ခဏာတွေပဲရှိတယ်ဆိုရင် အစပိုင်းမှာ စစ်ဆေးမှုလုပ်ဖို့ မလိုပဲ ကုသမှုစပေးနိုင်ပါတယ်။
👉 အစာအိမ်မှန်ပြောင်း ကြည့်သင့်တဲ့အချက်တွေရှိရင်တော့ မှန်ပြောင်းကြည့်ပြီး စစ်ဆေးခြင်း၊ လိုအပ်ရင် အသားစယူပြီး စစ်ဆေးခြင်း ပြုလုပ်ရပါမယ်။
👉 စားချဉ့်ပြန်ရောဂါကို ၂ လခန့် စနစ်တကျ ကုသပြီးပေမဲ့ မသက်သာရင်လည်း အစာအိမ်မှန်ပြောင်းကြည့်ဖို့ လိုအပ်ပါတယ်။ စားချဉ့်ပြန်ရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ အစာမျိုပြွန်ပွန်းပဲ့ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း၊ ကျဉ်းခြင်း၊ ကင်ဆာဖြစ်နိုင်သောအခြေအနေ ပြောင်းလဲခြင်းတွေ တွေ့ရနိုင်ပါတယ်။
အစာအိမ်မှန်ပြောင်းလို့ အလွယ်ပြောလိုက်ပေမဲ့ အစာရေမျိုပြွန်၊ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းတွေကို ကြည့်ရှုစစ်ဆေး ကုသပေးနိုင်တဲ့ မှန်ပြောင်းကြည့်နည်းစနစ်ဖြစ်ပါတယ်။ ထိပ်မှာ အလင်းရောင်နဲ့ ကင်မရာပါဝင်တဲ့ လက်သန်းအရွယ်ပိုက်ပျော့လေးကို ပါးစပ်ကတစ်ဆင့် ထည့်ကြည့်တာပါ။
👉 ထုံးစံလက္ခဏာတွေနဲ့လာတာတော့မဟုတ်ဘူး စားချဉ့်ပြန်ရောဂါလို့လည်း သံသယရှိတယ်ဆိုရင် အက်ဆစ်ဓာတ်နဲ့အစာတွေ ပြန်ဆန်တက်လာတာကို သိနိုင်တဲ့ Sensor ပါတဲ့ ပိုက်လေးကို နှာခေါင်းကတစ်ဆင့်ထည့်ပြီး တစ်ရက်လောက်တပ်ထားနိုင်ပါတယ်။ မြန်မာနိုင်ငံ ဆေးရုံဆေးခန်းတော်တော်များများမှာတော့ အဲ့စမ်းသပ်မှုကို မလုပ်နိုင်ပါဘူး။
👉 အစာမျိုပြွန်လှုပ်ရှားမှုမမှန်လို့ဖြစ်တဲ့ရောဂါများ၊ အနာနဲ့ အကျိတ်များကို အကြမ်းဖျင်းသိနိုင်အောင် အဖြူရောင်ဆေးရည်ပျစ်ပျစ်တစ်မျိုးသောက်ပြီးရိုက်တဲ့ ဓာတ်မှန်လည်း အထောက်အကူပြုပါတယ်။
👉 အစာမျိုပြွန်လှုပ်ရှားမှုမမှန်ခြင်း၊ ရှုံ့ကြွက်သားအလုပ်လုပ်တာမမှန်ခြင်းကို သိနိုင်တဲ့ စစ်ဆေးမှုလည်း ရှိပါတယ်။ လုပ်ပေးနိုင်တဲ့ ဆေးရုံတော့ ရှားပါတယ်။

⨀ စားချဉ့်ပြန်ရောဂါတွင် ရှောင်သင့်သော အစားအသောက်များ
စားသောက်လိုက်တိုင်း ရင်ပူပြီး ဗိုက်ကသိကအောက်ဖြစ်စေတဲ့ အစားအသောက်တွေကို သတိထားရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့်
⚠️ ဆီကြော်/အဆီများသော အစားအသောက်များ
⚠️ ချောကလက်
⚠️ ပူစီနံရွက်/အရည်
⚠️ အရက်/ဘီယာ
⚠️ ကော်ဖီ
⚠️ ဂက်စ်များသော ဖျော်ရည်များ
⚠️ အချဉ်ရည်ဆော့စ်အမျိုးမျိုး
⚠️ မုန်ညှင်းချဉ်
⚠️ ရှာလကာရည်
⚠️ အချဉ်များသောအသီးနှင့်ဖျော်ရည်အမျိုးမျိုး

⨀ အမူအကျင့်ပြောင်းလဲခြင်း
👉 တစ်ခါတည်းဗိုက်အရမ်းပြည့်အောင့်မစားပဲ နည်းနည်းချင်းစီ ခွဲစားပါ။
👉 လှဲမအိပ်မီ ၃ နာရီအတွင်း စားသောက်ခြင်းကို ရှောင်ပါ။
👉 အိပ်ရာ/ကုတင်ခေါင်းရင်းပိုင်းကို ခုပြီး ၆ လက်မခန့် မြှင့်ထားပါ။
👉 ဝနေရင် ဝိတ်ချပါ။ ကိုယ့်ဖာသာ ဝနေသလား မသေချာရင် BMI တွက်ကြည့်ပါ 25 ကျော်ရင် ဝနေပါပြီ။ အရပ်နဲ့ ကိုယ်အလေးချိန်ကို သိရင် ကိုယ့်ဖာသာတွက်ကြည့်လို့ရတဲ့ Online BMI Calculator တွေရှိပါတယ်။
👉 အစာအိမ်တွင်းက အက်ဆစ်နဲ့အစာတွေ ပြန်တက်စေနိုင်လို့ ဗိုက်တင်းကျပ်စေသော အဝတ်အစားကျပ်ကျပ်များဝတ်ခြင်း၊ ဝမ်းဗိုက်ဖိအားများစေမဲ့လေ့ကျင့်ခန်းများပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။
👉 ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

⨀ ကုသခြင်း
အကောင်းဆုံးကုသမှုရအောင် ထပ်ပြောပါရစေ၊ ကျွမ်းကျင်တဲ့ဆရာဝန် သို့မဟုတ် အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ တိုင်ပင်ပါ။
American College of Gastroenterology ACG Guideline (2022) အရ
⚛ ရင်ပူခြင်း လေချဉ်တက်ခြင်းကဲ့သို့ စားချဉ့်ပြန်ခြင်းရဲ့ ထုံးစံ လက္ခဏာတွေပဲရှိတယ်ဆိုရင် Omeprazole, Pantoprazole, Esomeprazole, Lansoprazole, Rabeprazole ကဲ့သို့ အစာအိမ်အက်ဆစ်ဓာတ်လျော့ကျစေသောဆေးတစ်မျိုးကို နံနက်စာမစားမီ နာရီဝက်လောက်မှာ တစ်ကြိမ်၊ ၈ ပတ် (၂ လခန့်) သောက်ရုံနဲ့ သက်သာမဲ့သူများပါတယ်။ တခြားလက္ခဏာတွေပါ ရှိရင်တော့ တစ်ရက် ၂ ကြိမ် နံနက်စာမစားမီနဲ့ ညစာမစားမီ နာရီဝက်မှာ သောက်သင့်ပါတယ်။ အပေါ်မှာ ပြောပြခဲ့တဲ့ အစားအသောက်၊ အမူအကျင့်လည်း ဂရုစိုက်ရပါမယ်။
၂ လလောက် သေချာသောက်ပြီး သက်သာပြီဆိုရင် အစာအိမ်ဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့ တဖြည်းဖြည်း လျှော့ပြီး ရပ်နိုင်အောင် လုပ်ရပါမယ်။ မလိုအပ်ပဲ နှစ်နဲ့ချီပြီးသောက်ရင် ဘေးထွက်ဆိုးကျိုးရှိပါတယ်။
⚛ အစာအိမ်လှုပ်ရှားမှုနှေးခြင်းရောဂါပါ တွဲပြီးရှိနေရင်တော့ အစာအိမ်လှုပ်ရှားမှုကို အားပေးတဲ့ Metoclopramide, Domperidone, Itopride, Mosapride စတဲ့ဆေးတွေပါ တွဲပေးနိုင်ပါတယ်။ သက်သာလာရင် ဆေးကို ရပ်နိုင်အောင် လျှော့ကြည့်ရပါမယ်။
⚛ စမ်းသပ်လေ့လာတွေ့ရှိချက်တွေအရ Sodium Alginate (ဥပမာ Gaviscon, Nugel) ပါဝင်တဲ့ ဆေးကို အစာစားပြီးသောက်ရင် စားချဉ့်ပြန်တဲ့လက္ခဏာတွေ သက်သာတာကို တွေ့ရှိရပါတယ်။
⚛ ဆေးတွေ သတ်မှတ်ချိန်ပြည့်အောင် သေချာသောက်လို့မှ စားချဉ့်ပြန်ရောဂါ မသက်သာရင် အစာအိမ်နဲ့အစာမျိုပြွန်ဆက်တဲ့နေရာကျယ်နေတာကို ပုံမှန်ပြန်ဖြစ်အောင် အစာအိမ်မှန်ပြောင်းမှတစ်ဆင့် ကုသပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

References
AGA gi patient center, ACG Guideline 2022, UpToDate

(မှတ်ချက်။ ရေးသားဖော်ပြထားသော ဆေးများနှင့်ပတ်သတ်၍ အကျိုးအမြတ် တစ်စုံတစ်ရာ ရယူထားခြင်းမရှိပါ)

ဒေါက်တာငြိမ်းကိုဟိန်း
M.B.,B.S, M.Med.Sc (Internal Medicine)
Dr.Med.Sc (Gastroenterology)
ERCP and EUS Training (AIG Hospitals, India)
အစာအိမ်အူလမ်းကြောင်း၊မုန့်ချိုအိတ်နှင့်သည်းခြေလမ်းကြောင်း အထူးကုသမားတော်

ကျန်းမာရေးဗဟုသုတတိုးပြီး စားချဉ့်ပြန်ရောဂါဝေဒနာ ကင်းဝေးကြပါစေ

ဆေးခန်းတွေကတစ်ဆင့်ဖြစ်စေ၊ လူနာတိုက်ရိုက်ဖြစ်စေ အစာအိမ်အူလမ်းကြောင်း၊မုန့်ချိုအိတ်နှင့်သည်းခြေလမ်းကြောင်း အထူးကုသမားတော်နဲ့ လာရောက်ပြသဖို့၊ Teleconsultation တိုင်ပင်ကုသဖို့ လိုအပ်ရင်
လူနာတွေ၊ ဆေးခန်း/ဆေးရုံတွေ ဆေးလိုအပ်ရင်
ငြိမ်းဆေးခန်း (ဗဟန်း၊ ရန်ကုန်)
Phone & Viber 09977273420 ကို ဆက်သွယ်နိုင်ပါတယ်။

ခင်မင်သူတွေသိအောင်လည်း မျှဝေပေးနိုင်ပါတယ်