Posted on

အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်ခြင်း

Functional Dyspepsia ကို အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်ခြင်းရောဂါလို့ မြန်မာပြန်ရင် သင့်တော်ပါမယ်။ တော်တော် အဖြစ်များတဲ့ ဗိုက်အောင့်ရောဂါတစ်မျိုးပါ။

⚛ ဘယ်လောက်အဖြစ်များလဲ
နာတာရှည် (၃ လကျော်) ဗိုက်မကြာခဏအောင့်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဒီရောဂါကြောင့် ဖြစ်တာ တွေ့ရပါတယ်။
လူတစ်ရာမှာ ၇ ယောက်လောက် ခံစားနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်

⚛ ရောဂါသဘော
အစာအိမ်ရောင်ရမ်းခြင်း၊ ပွန်းပဲ့ခြင်း၊ အနာဖြစ်ခြင်း ကဲ့သို့ Organic ပြဿနာ မရှိပဲ ဗိုက်အောင့်တဲ့ ရောဂါမို့လို့ Functional Dyspepsia လို့ ခေါ်တာပါ။ Non-Ulcer Dyspepsia လို့လဲ သိကြပါတယ်။
စားလိုက်ရင် ပုံမှန် အစာအိမ်က ချဲ့ပေးပြီး အစာကိုလက်ခံ ချေဖျက်ပေးဖို့ လုပ်တယ်။
ဒီရောဂါမှာ အစာအိမ်ရဲ့တုံ့ပြန်မှုမမှန်ဘူး ချဲ့ပေးသင့်တာကို ချဲ့မပေးဘူး၊ အစာချေဖျက် စီးဆင်းမှုလည်း နှေးသွားတတ်တယ်။
အစာအိမ်ချဲ့ပေးတာကိုလည်း Sensitive ဖြစ်ပြီး အောင့်သလို ခံစားရစေတယ်။
မတည့်တဲ့ အစားအသောက်တစ်ချို့ စားမိရင်လည်း အစာအိမ်တုံ့ပြန်မှုလွန်ကဲလို့ ဗိုက်အောင့်တယ်။
စိတ်ပူပန်လွန်းခြင်း၊ စိတ်ဓာတ်ကျခြင်း ပြဿနာတွေကြောင့်လည်း အစာအိမ်တုံ့ပြန်မှုမမှန် ဖြစ်တယ်။

⚛ လက္ခဏာ

အုပ်စု (၂) ခုရှိတယ်၊ တွဲပြီးလည်း ဖြစ်နိုင်တယ်
ပုံမှန်အလုပ်ကို လုပ်ရခက်လောက်အောင် ဆိုးမယ်။
(၁) နည်းနည်းစားရုံနဲ့ ရင်ပြည့်ခြင်း၊ စားပြီး ဗိုက်တင်းကယ်နေခြင်း
(၂) ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း၊ ပူလောင်ခြင်း
ဗိုက်တွင်းလေများနေခြင်း၊ လေတက်ခြင်း၊ ပျို့ခြင်း လည်း တွဲဖြစ်နိုင်ပါတယ်။

ရင်ပူပြီး လေချဉ်မကြာခဏတက်ရင်တော့ စားချဉ့်ပြန်ရောဂါ ဖြစ်နိုင်ခြေများတယ်။

⚛ မေးမြန်းစမ်းသပ်၊ စစ်ဆေးခြင်း
ခံစားရတဲ့ လက္ခဏာတွေနဲ့ ရောဂါရာဇဝင်ကို သေချာမေးကြည့်ရင် အများစုမှာ ရောဂါမှန်ကို ခန့်မှန်းနိုင်ပါတယ်။
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ တိုင်ပင်နိုင်ရင်တော့ ပိုကောင်းပါတယ်။
အကိုက်အခဲပျောက်ဆေး၊ သွေးကျဲဆေးများ သောက်နေခြင်း၊ သည်းခြေအိတ်၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ်ရောဂါတွေကြောင့်လည်း ဗိုက်အောင့်နိုင်လို့ ထည့်စဉ်းစားရပါမယ်။

ဗိုက်အောင့်သူက အသက် (၅၀) ကျော်ရင်တော့ အစာအိမ်အူလမ်းကြောင်းမှန်ပြောင်း ကြည့်ဖို့ တိုက်တွန်းပါတယ်။
အောက်ပါအချက်တစ်ခုခုပါ ရှိရင်တော့ ဘယ်အသက်အရွယ်ဖြစ်ဖြစ် မှန်ပြောင်း ကြည့်ဖို့ လိုပါတယ်
သွေးအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ မကြာခဏအန်ခြင်း၊ အစာမျိုချရခက်ခြင်း၊ အကြောင်းမဲ့ပိန်လာခြင်း၊ ဗိုက်တွင်အလုံးအကျိတ်စမ်းမိခြင်း၊ သွေးစစ်ဆေးမှုတွင် သွေးအားနည်းနေခြင်း၊ မိသားစုရင်းများတွင် အစာအိမ်ကင်ဆာဖြစ်ဖူးခြင်း။

ပထမ မှန်ပြောင်းကြည့်သင့်တဲ့အချက်တွေ မရှိလို့ မကြည့်ပဲ တစ်လကျော် နှစ်လလောက် ကုသပြီး မသက်သာရင်လည်း အစာအိမ်မှန်ပြောင်းကြည့်ဖို့ လိုအပ်ပါတယ်။

⚛ အစာအိမ်ပိုးစစ်ဆေးခြင်း
မကြာခဏ ဗိုက်အောင့်တဲ့သူတိုင်း အစာအိမ်ပိုးရှိသလား စစ်သင့်ပါတယ်။ လေမှုတ်စစ်ဆေးခြင်း၊ မှန်ပြောင်းကြည့်ချိန် အသားစယူစစ်ဆေးခြင်းနဲ့ ဝမ်းစစ်ဆေးခြင်း လုပ်နိုင်ပါတယ်။
ပိုးရှိရင် ပျောက်အောင်ကုရပါမယ်။ အစာအိမ်တုံ့ပြန်မှုမမှန်လို့ ဗိုက်အောင့်တဲ့ရောဂါမှာ အစာအိမ်ပိုးရှိလို့ ကုပြီးရင် သက်သာသွားတဲ့ သူ တစ်ဝက်ခန့်အထိ ရှိပါတယ်။

⚛ ကုသခြင်း
အစာအိမ်တုံ့ပြန်မှုမမှန်လို့ ဗိုက်အောင့်တဲ့ရောဂါက စိတ်ခံစားမှု၊ အစားအသောက်၊ အနေအထိုင်နဲ့ ဆက်နွယ်နေလို့ ကုသရတာ မရိုးရှင်းပါဘူး၊ ပျောက်ပြီးရင်လည်း ပြန်ဖြစ်နိုင်ပါတယ်။
စိတ်မညစ်ပါနဲ့ လူနာဖက်က ဆောင်ရန်၊ ရှောင်ရန်တွေကို ဂရုစိုက်လုပ်ဆောင်ပေးပါ။
ကုသမှု၊ တုံ့ပြန်မှုအပေါ်မူတည်ပြီး ကျွမ်းကျင်တဲ့ဆရာဝန်ရဲ့ ချိန်ညှိပေးတဲ့ ဆေးတွေနဲ့ သက်သာတဲ့ လူနာတွေ အများကြီးရှိပါတယ်။
လူနာနဲ့သင့်တော်မဲ့ ဆေးအရေအတွက်၊ ပမာဏကို အတိုးအလျှော့ လုပ်ပေးဖို့ လိုပါတယ်။
ပထမအဆင့် ဆေးပေးလို့ မသက်သာရင် နောက်ထပ် ထပ်ပေးသင့်တဲ့ ဆေးတွေရှိလို့ အစာအိမ်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ ပြန်တိုင်ပင်ဖို့ တိုက်တွန်းချင်ပါတယ်။

တစ်ခါပြပြီးပြီ မသက်သာပါဘူး အဲ့ဆရာနဲ့ ပြန်မပြတော့ဘူးဆိုတာ ဒီရောဂါအတွက် မမှန်ပါဘူး။

⚛ တတ်နိုင်သလောက်ရှောင်ရန်
(၁) အဆီများသောအစားသောက်များ (အစာအိမ်လှုပ်ရှားမှုနှေးစေ)
(၂) စားလိုက်တိုင်းဗိုက်အောင့်စေသော အစားအသောက်များ
(တစ်ဦးနဲ့တစ်ဦးမတူပါ အကုန်ရှောင်ဖို့ မလိုပါ။ ဥပမာ Gas များသော ဖျော်ရည်များ၊ ကောက်ညှင်း၊ နို့အမျိုးမျိုး၊ ကြက်သွန်နီ/ဖြူ၊ ဂေါ်ဖီ စသည့်၊ တော်တော်ကြာသက်သာလာရင် တစ်ခုချင်းစီ ပြန်စားကြည့်နိုင်ပါတယ်။ စားတိုင်းဖြစ်ရင်တော့ ရေရှည်ရှောင်ရပါမယ်)
အူလမ်းကြောင်းလှုပ်ရှားမှုမမှန်လို့ ဖြစ်တဲ့ IBS ရောဂါပါ တွဲရှိနေရင် တစ်ချို့အစားအသောက်အုပ်စုကို ၂ လလောက် ရှောင်ခြင်းက ပိုအကျိုးရှိပါတယ်။ အဲ့အကြောင်း သီးသန့်ရေးပေးပါဦးမယ်။
(၃) အရက်၊ ကော်ဖီ သိပ်မသောက်သင့်ပါ၊ ဆေးလိပ်လည်း ဖြတ်သင့်ပါတယ်

⚛ ဆောင်ရန်
(၁) တစ်ခါစားလျှင် နည်းနည်းပဲစားပါ၊ လိုအပ်ရင် တစ်ရက် ၅ ကြိမ်ခန့် ခွဲစားပါ
(၂) အစားအသောက် အချိန်မှန် စားပါ
(၃) စိတ်ဖိစီးမှု လျှော့ချနိုင်အောင် ကြိုးစားပါ (တရားထိုင်ခြင်း၊ ဝါသနာပါရာ အာရုံစူးစိုက်ခြင်း)
(၄) အိပ်ရေးဝအောင်အိပ်ပါ (တစ်ရက် အနည်းဆုံး ၇ နာရီ)
(၅) ချွေးထွက်စေသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်ရက် ၁၅ မိနစ်၊ နာရီဝက်ခန့် ပုံမှန် လုပ်ပေးပါ

⚛ သက်သာစေသောဆေးများ
အစာအိမ်အက်ဆစ်ဓာတ်လျော့ကျစေသောဆေးများ
အစာအိမ်ပိုးရှိရင် ကုသခြင်း
စိတ်ဓာတ်ကျ၊ စိတ်ပူပန်မှုကို သက်သာအောင် ဆွေးနွေးပေးခြင်းနှင့် ထိန်းသောဆေးများ (စိတ်ဓာတ်ကျမခံစားနေရရင်တောင် အဲ့ဆေးပေးရင် ဗိုက်အောင့်သက်သာတာ ခိုင်ခိုင်မာမာတွေ့ရပါတယ်)
အစာအိမ်အူလမ်းကြောင်းလှုပ်ရှားမှုအားပေးသောဆေးများ

အစာအိမ်အူလမ်းကြောင်းပိုးမွှားတွေ အပြောင်းအလဲဖြစ်တာကလည်း အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်တဲ့ရောဂါမှာ တစ်ချက်ပါဝင်တာကြောင့် Probiotics လို့ခေါ်တဲ့ အကျိုးပြုပိုးမွှားတွေ ပြန်ဖြည့်တဲ့ ဆေးတွေက တစ်ချို့လူနာတွေမှာ ဗိုက်အောင့်သက်သာစေတာ တွေ့ရပါတယ်။
ပြန်ဖြည့်သင့်တဲ့ ပိုးအမျိုးအစား အရေအတွက် တိတိကျကျ မသိကြသေးလို့ လူတိုင်းသောက်ဖို့တော့ မတိုက်တွန်းပါဘူး။

Reference
UpToDate, ACG, BSG, APAGE & Thailand Guidelines

ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

ကျွမ်းကျင်တဲ့ သမားတော်နဲ့ ဖုန်း သို့မဟုတ် Viber call မှတစ်ဆင့် တိုင်ပင် ဆွေးနွေးချင်ရင်ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
ဆေးဝယ်ထားချင်တဲ့ ဆရာဝန် ဆရာ/ဆရာမများလည်း ဆက်သွယ်နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတတိုးပြီး ဗိုက်အောင့်ခြင်းဝေဒနာ ကင်းဝေးကြပါစေ