Posted on

ဗိုက်အောင့်ခြင်း/ဗိုက်မအီမသာဖြစ်ခြင်း

ဗိုက်အောင့်ခြင်းက အဖြစ်များပါတယ်။ လူငါးယောက်မှာ တစ်ယောက်လောက် ခံစားနေရတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။

ဗိုက်အောင့်ခြင်း/မအီမသာဖြစ်ခြင်းကို ဆေးပညာအခေါ်အရ (Dyspepsia) လို့ခေါ်ပါတယ်။

အစာအိမ်နဲ့ အူသိမ်အစပိုင်းမှာ ဖြစ်တဲ့ ရောဂါတွေကြောင့် ဖြစ်တယ်လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။

လက္ခဏာတွေကတော့

ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း၊ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ နည်းနည်းစားရုံနဲ့ရင်ပြည့်လာခြင်း၊ လေထိုးလေအောင့် လေပွခြင်းတို့ အဖြစ်များပါတယ်။

ကမ္ဘာအနှံ့အပြားက ဗိုက်အောင့်သူ သန်းပေါင်းများစွာကို လေ့လာတွေ့ရှိချက်တွေအရ

အစာအိမ် (သို့မဟုတ်) အူသိမ် ရောင်ခြင်း၊ ပွန်းခြင်း၊ အနာဖြစ်ခြင်း စတဲ့ ပြဿနာတွေ ကြောင့် ဗိုက်အောင့်/မအီမသာ ဖြစ်တာကို ဗိုက်အောင့်သူအားလုံးရဲ့ လေးပုံတစ်ပုံမှာ တွေ့ရပြီး (Organic Dyspepsia) လို့ခေါ်ပါတယ်။

လေးပုံသုံးပုံသော ဗိုက်အောင့်သူအများစုကတော့ (Functional Dyspepsia) လို့ခေါ်တဲ့ အစာအိမ်တုံ့ပြန်မှုမမှန်တဲ့ ပြဿနာကြောင့် ဖြစ်ကြတာ တွေ့ရပါတယ်။

အောက်ပါ အုပ်စုတွေမှာ ဗိုက်အောင့်/မအီမသာဖြစ်ခြင်း သိသိသာသာ ပိုဖြစ်တာကို တွေ့ရပါတယ်။

၁။ အမျိုးသမီးများ

၂။ ဆေးလိပ်သောက်သူများ

၃။ အကိုက်အခဲပျောက်ဆေး (NSAIDs) မကြာခဏ/ရေရှည်သောက်သူများ

၄။ အစာအိမ်ပိုး (အစာအိမ်အမြှေးပါးရောင်ပိုး) ရှိသူများ

အမြဲတမ်းဖြစ်နေတာထက်စာရင် ဖြစ်လိုက်ပျောက်လိုက်၊ ပြန်ဖြစ်လိုက်နဲ့ ပြဿနာပေးနေတာက များပါတယ်။

စားသောက်ရမဲ့ အချိန်မမှန်ပဲ အစာလွန်တာများရင်၊ အချဉ်၊ အစပ် အစားအသောက်တွေ များများစားမိရင် ပြန်ဖြစ်နိုင်ခြေ ရှိပါတယ်။

ကုသပြီးသက်သာသွားရင်လည်း အစားအသောက်မမှန်ကန်ရင် ပြန်ဖြစ်တတ်တော့ စိတ်ညစ်ရတဲ့ ရောဂါ တစ်မျိုး ဖြစ်ပါတယ်။

ဗိုက်အောင့်/မအီမသာ ဖြစ်တာကြာပြီဆိုရင်၊ မကြာခဏဖြစ်နေတယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်၊ စမ်းသပ်၊ စစ်ဆေး၊ ကုသဖို့ တိုက်တွန်းလိုပါတယ်။

ဗိုက်အောင့်စေတဲ့ တစ်ချို့ ပြဿနာတွေက မှန်ကန်တဲ့ ကုသမှု ပေးလိုက်ရင် အရှင်းပျောက်ပါတယ်။

ဗိုက်အောင့်ခြင်းဖြစ်စေတဲ့ ရောဂါတစ်ခုခြင်း အကြောင်းကိုလည်း နောက်မှ ပြောပြပေးပါဦးမယ်။

Reference

Ford AC et al. Gut. 2014

ဒေါက်တာငြိမ်းကိုဟိန်း

Happy & Healthy

အစာအိမ်အူလမ်းကြောင်းနှင့်

အထွေထွေရောဂါအထူးကုသမားတော်

အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ်ရောဂါအမျိုးမျိုးအကြောင်း ဗဟုသုတတွေကို နည်းနည်းချင်းစီ ရေးသားပေးခြင်း၊ ဗီဒီယိုနဲ့တင်ဆက်ပေးခြင်း ပုံမှန်ပြုလုပ်ပေးနိုင်အောင် ကြိုးစားပါမယ်။

ကျန်းမာပျော်ရွင်ကြပါစေ