ကိုဗစ်ဖြစ်တိုင်း Dexa ပေးဖို့လိုပါသလား ဆရာ။
လက်ထိပ်မှာတိုင်းကြည့်လို့ အောက်ဆီဂျင် SpO2 ၉၄% အောက်ရောက်နေရင်တော့ Dexa သောက်ဆေး သို့မဟုတ် ထိုးဆေး စပေးသင့်ပါတယ်။ အောက်ဆီဂျင် ၉၄ အောက်မကျရင်တော့ မလိုပါဘူး။
Dexa ပေးဖို့လိုရင် ဆေးပမာဏ (Dose) ဘယ်လောက်ပေးရမလဲ ဆရာ။
သုတေသနတွေအရ တကမ္ဘာလုံးလက်ခံကျင့်သုံးနေတာကတော့ Dexa သောက်ဆေးဖြစ်ဖြစ်၊ ထိုးဆေးဖြစ်ဖြစ် 6 mg ပြည့်အောင်ချိန်ပြီး တစ်ရက်ကို နံနက်ပိုင်း အစာစားပြီး တစ်ကြိမ်ပဲ ပေးရင် လုံလောက်ပါတယ်။ ပိုပေးလည်း အာနိသင်မထူးပါဘူး၊ ဘေးထွက်ဆိုးကျိုးပဲ ပိုများပါတယ်။ စိုးရိမ်လို့လည်း လျှော့မပေးပါနဲ့ အာနိသင် ရသင့်သလောက် မရပဲ နေပါလိမ့်မယ်။ Dexa မရလည်း အာနိသင်တူတဲ့ Prednisolone, Methylprednisone, Hydrocortisone စတဲ့ ဆေးတွေကို သုံးနိုင်ပါတယ် Dose တော့မတူဘူးနော်။
Dexa ဘယ်နှစ်ရက်ပေးရမလဲ ဆရာ။
တစ်ရက် တစ်ကြိမ်၊ (၁၀) ရက် ပေးသင့်ပါတယ်။ လူနာက (၁၀) ရက်မတိုင်ခင် နေကောင်းသွားပြီ စိတ်ချရပြီ ဆိုရင်တော့ စောရပ်လို့ ရပါတယ်။
Dexa ပေးထားရင် ဘာဆိုးကျိုး ရှိလဲ ဆရာ။
အများစုမှာ ဆီးချိုတက်လာပါလိမ့်မယ်၊ အထူးသဖြင့် အစာစားပြီး တိုင်းတဲ့ ဆီးချိုပမာဏ တော်တော်တက် တတ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်ရဲ့ လမ်းညွှန်ချက်နဲ့ ဆီးချိုသောက်ဆေး သို့မဟုတ် အင်ဆူလင်ထိုးဆေး ထိုးပေးဖို့ လိုနိုင်ပါတယ်။ ရက်ပြည့်လို့ Dexa ဖြတ်လိုက်ရင် ပုံမှန် ပြန်ဖြစ်သွားတာ များပါတယ်။
Dexa ပေးပြီး ရပ်ရင် ချက်ချင်းမရပ်ရဘူး တဖြည်းဖြည်း Dose လျှော့ပေးပြီး ရပ်ရတယ်လို့ သိရတယ် ဟုတ်ပါသလား ဆရာ။
Dexa အပါအဝင် အာနိသင်တူ စတီးရွိုက် (Steroid) ဆေးတွေကို နေ့စဉ် ပမာဏများများ (ဥပမာ Dexa ဆိုရင် မနက်ပိုင်း 3 mg နဲ့အထက်) (၃) ပတ်နဲ့အထက် ပေးခဲ့တယ်ဆိုရင်၊ ဆေးတွေကြောင့် မျက်နှာဖောင်းနေပြီဆိုရင် ပေးထားတဲ့ဆေးကို ချက်ချင်းမဖြတ်သင့်ပါဘူး၊ တစ်ပတ်ကို ဆေးပမာဏ (၁၀%) လောက် လျှော့ပေးသွားပြီး ရပ်သင့်ပါတယ်။ ဒါက (၃) ပတ်ကျော်ပေးခဲ့မှပါ။
ကိုဗစ်မှာ ပေးတာကတော့ အလွန်ဆုံး (၁၀) ရက်ပဲ ဖြစ်တဲ့အတွက် ရက်ပြည့်တာနဲ့ ရပ်လိုက်လို့ရပါတယ်။ အန္တရာယ်မရှိပါဘူး။ ဆက်ပေးထားရင် အကျိုးမရှိပဲ ဆီးချိုတွေဆက်တက်နေတဲ့ ဆိုးကျိုးမျိုးပဲ များပါမယ်။
အဆုံးသတ်အနေနဲ့ Dexa နဲ့ ပတ်သက်လို့ ဘာများမှာချင်ပါသလဲ ဆရာ။
ကျွမ်းကျင်နဲ့ ဆရာဝန်နဲ့ပဲ တိုင်ပင်ပါ။ ဆေးပေးဖို့လိုအပ်မှ စပေးပါ။ မှန်ကန်တဲ့ ဆေးပမာဏကို သတ်မှတ်ရက်ပြည့်အောင် ပေးပါ။ ရက်ပြည့်ရင် ရပ်လိုက်ပါ။ အဲ့ဒါမှ စနစ်ကျတဲ့ ကုသနည်းပါ။
သေချာနားလည်သွားလို့ ကျေးဇူးတင်ပါတယ် ဆရာ။
အထူးကုသမားတော်တစ်ယောက်ဖြစ်တဲ့ ဆရာနဲ့ ဖုန်းဆက်တိုင်ပင် ဆွေးနွေးချင်ရင် စီစဉ်ပေးနေပါတယ်နော် Page message မှာ စုံစမ်းပေးပါ။ ကျန်းမာပျော်ရွင်ကြပါစေ။
Happy & Healthy
နားမလည်သေးတဲ့သူတွေ သိသွားအောင် မျှဝေပေးနိုင်ပါတယ်နော်