Posted on

နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ ကုသနည်း

မုန့်ချိုအိတ်ဆိုတာ ဘာလဲ၊ ရုတ်တရက် မုန့်ချိုအိတ်ရောင်ရောဂါအကြောင်းနဲ့ နာတာရှည်မုန့်ချိုအိတ်ရောင်ရောဂါအကြောင်းတွေကို ကျွန်တော် ရေးပေးထားတာရှိပါတယ်။
မဖတ်ရသေးရင် ဖတ်ကြည့်နိုင်ပါတယ်။

ရုတ်တရက်မုန့်ချိုအိတ်ရောင်ရောဂါ အကြောင်း ဒီလင့်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။
https://drnyein.com/acute-pancreatitis/#more-495

နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါအကြောင်းနဲ့ စစ်ဆေးနည်းတွေ အကြောင်း ဒီလင့်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။
https://drnyein.com/chronic-pancreatitis/#more-499

ဒီတစ်ခါတော့ နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ ကုသနည်းအကြောင်း ဆွေးနွေးပေးပါမယ်။

အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ပြပြီး စနစ်တကျ ကုသရမဲ့ ပြဿနာတွေဖြစ်ပါတယ်။

⁕ ရောဂါသေချာအောင်လုပ်ပါ
နာတာရှည်မုန့်ချိုအိတ်ရောင်ရောဂါနဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့်လား၊ တခြားရောဂါကြောင့်လားဆိုတာ သံသယရှိရင် သေချာသိအောင် CT ဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန် MRI/MRCP ရိုက်ပြီးမှ ကုသမှု စသင့်ပါတယ်။

⁕ ဗိုက်အောင့်ခြင်း
ဒီရောဂါကြောင့် လူနာကို ပြဿနာအပေးဆုံးကတော့ ဗိုက်အောင့်တာပါ။ ဗိုက်အပေါ်ပိုင်းက နာတာရှည်အောင့်နေပြီး အစားစားပြီးရင် ပိုဆိုးတတ်ပါတယ်။
ဗိုက်အောင့်သက်သာအောင် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးကုသနည်းကတော့ အရက်ဖြတ်ဖို့၊ ဆေးလိပ်ဖြတ်ဖို့ ဖြစ်ပါတယ်။
အဆီနည်းနည်းပဲစားပါ၊ အစားအသောက်ပမာဏနည်းနည်းစီ ခွဲစားပါ၊ ရေများများသောက်ပါ။

⁕ သောက်ဆေးပေးကုသခြင်း
တစ်ဆင့်နဲ့မသက်သာမှ နောက်တစ်ဆင့် ကုသမှုလုပ်သင့်ပါတယ်။
ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်မှုလုပ်ပြီးမှ ဆေးစသောက်ပါ။ ပါရာစီတမောလောက်နဲ့စပါ အချိန်စောင့်ကြည့်ပါ၊ မသက်သာမှ တခြားအကိုက်အခဲပျောက်အရောင်ကျဆေးထည့်သင့်ပါတယ် (အစာအိမ်၊ အူသိမ်နဲ့ ကျောက်ကပ်ပြဿနာတွေ အဖြစ်များလို့ အကိုက်အခဲပျောက်အရောင်ကျဆေးတွေ များများနဲ့ ကြာကြာ မသောက်သင့်ပါ)။ မသက်သာရင် ထိန်းချုပ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ အကိုက်အခဲပျောက်ဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျ သောက်နိုင်ပါတယ်။
ဆေးစွဲတဲ့ ပြဿနာဖြစ်နိုင်လို့ ထိန်းချုပ်ဆေး အကိုက်အခဲပျောက်ဆေးလိုအပ်ချက်ကို လျှော့ချဖို့ တွဲဖက်ပေးနိုင်တဲ့ တခြားဆေးတွေလည်း ရှိပါသေးတယ်။

⁕ ဖြစ်နေတဲ့ရောဂါကိုကုသခြင်း
သောက်ဆေးတွေနဲ့ စနစ်တကျကုသတာတောင် မသက်သာရင် ရောဂါအနေအထားပေါ်မူတည်ပြီး ကုသမှု ဆက်လုပ်ပေးရပါတယ်။

မုန့်ချိုအိတ်လမ်းကြောင်းကျဉ်းလို့ အောင့်နေတာဆိုရင် လမ်းကြောင့်ပွင့်ပြီး ပုံမှန်ဖြစ်လာအောင် ထောက်ပြွန်လေးတွေ ကြာရှည် ထည့်ပြီး ကုသရပါမယ်။

မုန့်ချိုအိတ်လမ်းကြောင်းမှာ ကျောက်ပိတ်လို့ အောင့်နေတာဆိုရင် ကျောက်အရွယ်အစားနဲ့ကျောက်ရှိနေတဲ့နေရာပေါ်မူတည်ပြီး ERCP မှန်ပြောင်းနဲ့ ကျောက်ကို တိုက်ရိုက်ဆွဲထုတ်ခြင်း/ချေပြီးမှဆွဲထုတ်ခြင်း ပြုလုပ်ပြီး ကုသနိုင်ပါတယ်။

နာတာရှည်မုန့်ချိုအိတ်ရောင်ခြင်းကြောင့် ဘုံသည်းခြေပြွန်ကျဉ်းခြင်း၊ ကျောက်ပိတ်ခြင်းလည်း အဖြစ်များပါတယ်။ ဘုံသည်းခြေပြွန်ကျဉ်းတာကိုလည်း လမ်းကြောင့်ပွင့်ပြီး ပုံမှန်ဖြစ်လာအောင် ERCP မှန်ပြောင်းနဲ့ ထောက်ပြွန်လေးတွေ ကြာရှည် ထည့်ပြီး ကုသရပါတယ်။ ဘုံသည်းခြေပြွန်ကျောက်ကို တိုက်ရိုက်ဆွဲထုတ်ခြင်း/ချေပြီးမှဆွဲထုတ်ခြင်း ပြုလုပ်ပြီး ကုသနိုင်ပါတယ်။

မုန့်ချိုအိတ်ရောင်ရမ်းခြင်းနောက်ဆက်တွဲ အိတ်ကဲ့သို့ အရည်များစုနေရင်လည်း ဗိုက်အောင့်နိုင်ပါတယ်။ အသံလှိုင်းပုံရိပ်ဖော် EUS မှန်ပြောင်းနဲ့ကြည့်ပြီး အစာအိမ်နံရံကို အပ်နဲ့ဖောက် အိတ်တွင်းကအရည်တွေကို အစာအိမ်ထဲရောက်အောင် ပိုက်/ထောက်ပြွန်နဲ့ ဆက်သွယ်ပြီး ကုသပေးနိုင်ပါတယ်။

⁕ နာကျင်မှုဖြစ်စေတဲ့ အာရုံကြောကွန်ရက်ကို ပိတ်/ဖျက်ခြင်း
နာတာရှည်မုန့်ချိုအိတ်ရောင်ရောဂါမှာ နာကျင်မှုကိုသိအောင်လုပ်ပေးနေတာ ဝမ်းဗိုက်တွင်း သွေးလွှတ်ကြောငယ်တစ်ခုဘေးက Celiac plexus အာရုံကြောကွန်ရက် ဖြစ်ပါတယ်။ နာကျင်မှုပြင်းထန်ပြီး တခြားနည်းနဲ့ မသက်သာရင် EUS မှန်ပြောင်းနဲ့ကြည့်ပြီး အဲ့ဒီအာရုံကြောကွန်ရက်ကို ပိတ်ခြင်း၊ မသက်သာရင် အာရုံကြောကွန်ရက် ပျက်စီးစေခြင်းနဲ့ ကုသနိုင်ပါတယ်။

⁕ ခွဲစိတ်ကုသခြင်း
မုန့်ချိုအိတ်လမ်းကြောင်းကျဉ်းတဲ့နေရာတွေ များနေရင်၊ မုန့်ချိုအိတ် ထိပ်ပိုင်းမှာ အကျိတ်တွေ့နေရင် ခွဲစိတ်ကုသခြင်းကို စလုပ်တာက ပိုထိရောက်ပါလိမ့်မယ်။ တခြားနည်းတွေနဲ့ ကုသလို့ မသက်သာရင်လည်း ခွဲစိတ်ကုသမှု လိုနိုင်ပါတယ်။

⁕ အစာခြေအင်ဇိုင်းသောက်ဆေး
စားလိုက်တဲ့ အဆီ၊ အသားဓာတ်နဲ့ ကစီဓာတ် ကို ခြေဖျက်ပြီး အူက စုပ်ယူနိုင်အောင် မုန့်ချိုအိတ်က ထုတ်တဲ့ အင်ဇိုင်းတွေက ကူညီပါတယ်။
နာတာရှည်မုန့်ချိုအိတ်ရောင်ရောဂါမှာ အစာခြေအင်ဇိုင်းတွေ လုံလောက်အောင် မထုတ်နိုင်တော့ပါ။ စားလိုက်တဲ့ အဆီနဲ့ဗီတာမင် တွေ မစုပ်ယူနိုင်လို့ ဝမ်းထဲမှာ အဆီတွေ ပါလာလေ့ရှိပါတယ်။ လူက ပိန်လာပါတယ်။
အစာစစားတာနဲ့ အင်ဇိုင်းသောက်ဆေးပါ တွဲသောက်ဖို့လိုပါတယ်။ မုန့်စားရင်လည်း အင်ဇိုင်းသောက်ဆေး တွဲသောက်ရပါမယ်။ ထမင်းတစ်နပ်ကို Lipase အင်ဇိုင်း အနည်းဆုံး ၄၀၀၀၀ ယူနစ် သောက်မှ လုံလောက်မှာပါ။ မြန်မာနိုင်ငံမှာ အလွယ်တကူ ရနိုင်တဲ့ Enzystal ဆေးတစ်လုံးမှာ Lipase ပမာဏ ၆၀၀၀ ပါပါတယ်။ ပမာဏ များများပါတဲ့ တံဆိပ်က ကျွန်တော်တို့နိုင်ငံမှာ ရှားပါတယ်။
အင်ဇိုင်းဖြည့်တာ လုံလောက်ရင် ဝမ်းထဲမှာ အဆီပါတာနည်းလာပြီး ကိုယ်အလေးချိန်ပြန်တက်လာပါမယ်။

⁕ ဆီးချိုကုသခြင်း
နာတာရှည်မုန့်ချိုအိတ်ရောင်ရောဂါကြောင့် အင်ဆူလင်ဟော်မုန်း ထွက်တာနည်းလာပြီး ဆီးချို Type 3c ဖြစ်တာ များပါတယ်။ ဆီးချို Type 2 လည်း ဖြစ်တော့ ဖြစ်နိုင်ပါတယ်။
ဆီးချိုနဲ့ဟော်မုန်းရောဂါအထူးကုသမားတော်နဲ့ တိုင်ပင်ကုသရင် ပိုကောင်းပါတယ်။ Metformin သောက်ဆေးနဲ့ လိုအပ်ရင် အင်ဆူလင်ထိုးဆေး အသုံးပြုပြီး ဆီးချိုထိန်းရပါတယ်။

Reference: UpToDate, AGA Guideline 2022

မုန့်ချိုအိတ်ရောင်ရောဂါအကြောင်း ဗဟုသုတတိုးပြီး အကျိုးရှိကြပါစေ။

ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

အစာအိမ်၊ အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ် ရောဂါများ၊ သိမှတ်ဖွယ်ရာ ကျန်းမာရေးဗဟုသုတများ ကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း ပြောပြပေးပါမယ်။ Page ကို Like & Follow လုပ်ထားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ရေးပေးထားပြီးသား ကျန်းမာရေး ဗဟုသုတတွေကိုလည်း လာဖတ်ကြည့်နိုင်ပါတယ်။ Website မှာလည်း တင်ပေးထားပါတယ်။

ဆရာနဲ့ Teleconsultation တိုင်ပင်ဆွေးနွေးချင်ရင် KBZPay Application မှ My Medicine Service ကို အသုံးပြုပြီး တိုင်ပင်နိုင်ပါတယ်။

သိချင်တာရှိရင် ကွန်မန့်မှာ မေးနိုင်ပါတယ်။
မသိသေးတဲ့ မိတ်ဆွေတွေသိအောင်မျှဝေနိုင်ပါတယ်။