Posted on

နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ

⁕ မုန့်ချိုအိတ်ဆိုတာဘာလဲ

မုန့်ချိုအိတ်ဆိုတာ ဝမ်းဗိုက်အပေါ်ပိုင်း အစာအိမ်ရဲ့နောက်မှာ ကန့်လန့်ရှိနေတဲ့ ၆ လက်မ ဝန်းကျင် ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ဆီးချိုဓာတ်ကို ပုံမှန်တွင်းဖြစ်နေအောင် ထိန်းပေးတဲ့ အင်ဆူလင် ဟော်မုန်းထွက်တဲ့အပြင် အစာချေဖျက်ဖို့ အင်ဇိုင်းတွေ ထုတ်ပေးတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

⁕ ဘာကြောင့် မုန့်ချိုအိတ်ရောင်ရောဂါ နာတာရှည် ဖြစ်နေတာလဲ

အရင်အပတ်က ပြောပြခဲ့တဲ့ ရုတ်တရက်/ခဏတာ မုန့်ချိုအိတ်ရောင်ခြင်းဖြစ်ရင် (၈၀) ရာခိုင်နှုန်းလောက်က နှစ်ပတ်လောက်အတွင်း ပြန်ကောင်းလေ့ရှိပါတယ်။ မုန့်ချိုအိတ်ရောင်စေတဲ့ အကြောင်းတွေကို ဆက်လုပ်နေရင် သို့မဟုတ် မကုသရင် ရုတ်တရက် မုန့်ချိုအိတ်ရောင်ခြင်းပြဿနာ မကြာခဏ ပြန်ဖြစ်နေပါလိမ့်မယ်။ ဖြစ်ပါများရင် မုန့်ချိုအိတ်ရောင်ခြင်းက အရှင်းမပျောက်တော့ပဲ နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ အဖြစ် ပြောင်းလဲလာပါတယ်။

အဖြစ်အများဆုံးက အရက်သောက်များလို့ မုန့်ချိုအိတ် မကြာခဏရောင်ပြီး နာတာရှည်ဖြစ်လာတာပါ။ သည်းခြေအိတ်ကျောက် သည်းခြေလမ်းကြောင်းတွင်းကျလာပြီး မုန့်ချိုအိတ်လမ်းကြောင်းပါပိတ်ဆို့လို့ မကြာခဏ မုန့်ချိုအိတ်ရောင်ရမ်းခြင်းလည်း အဖြစ်များပါတယ်။ မျိုးရိုးဗီဇမှာကိုက မုန့်ချိုအိတ်ရောင်စေတဲ့ ပြောင်းလဲမှုတွေရှိနေရင်လည်း နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ ဖြစ်ပါတယ်။ သွေးတွင်းမှာ Triglyceride လို့ခေါ်တဲ့ အဆီဓာတ်များနေတာကို သေချာမကုသရင်လည်း နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ ဖြစ်နိုင်ပါတယ်။

⁕ ဘာလက္ခဏာပြလဲ

ဝမ်းဗိုက်အပေါ်ပိုင်း အလယ်က ကြာရှည်အောင့်တယ်၊ ကျောဖက်ကိုပါ ပျံ့တယ်၊ ရှေ့ကိုင်းပြီး ထိုင်နေရင် သက်သာတယ်။ အစာစားပြီး (၁၅) မိနစ်၊ နာရီဝက်လောက်မှာ ပိုအောင့်လာတတ်တယ်။ ပျို့တာ အန်တာပါ တွဲဖြစ်တတ်တယ်။

မုန့်ချိုအိတ်က အစာချေဖျက်ခြင်းနဲ့ သွေးတွင်းဆီးချိုဓာတ်ညှိပေးခြင်း လုပ်ငန်းတွေ လုပ်ဆောင်ပေးတယ်။ နှစ်နဲ့ချီတဲ့ ရောင်ရမ်းမှုကြောင့် လုပ်ငန်းတာဝန် (၉၀) ရာခိုင်ကျော် မလုပ်နိုင်တော့ရင် စားလိုက်တဲ့ အဆီတွေကို မချေဖျက်နိုင်တော့တာ သိသာလာတယ်။ အနံ့ဆိုး၊ အဆီဝေ့ပြီး ရေလောင်းချလို့ခက်တဲ့ ဝမ်းပျော့ပျော့တွေ သွားမယ်။ အဆီနဲ့အတူ ဗီတာမင်နဲ့အာဟာရဓာတ်တွေပါ မစုပ်ယူနိုင်လို့ တဖြည်းဖြည်း ပိန်လာမယ်။

နှစ်ကြာလာတဲ့အခါ နာတာရှည် မုန့်ချိုအိတ်ရောင်သူ (၈၀) ရာခိုင်နှုန်းလောက်မှာ အင်ဆူလင်ဟော်မုန်း မထုတ်တော့လို့ ဆီးချိုဖြစ်လာတယ် (Type 3c Diabetes) လို့ အမျိုးအစား သတ်မှတ်တယ်။

⁕ တခြား ဘာပြဿနာတွေ ဖြစ်နိုင်လဲ

လမ်းကြောင်းပိတ်လို့ ရောင်ရမ်းတယ်လို့ ပြောခဲ့တယ်နော်၊ ရောင်ရမ်းလို့လည်း သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ်လမ်းကြောင်းပိုပိတ်ပြီး ဒုက္ခပေးပါတယ်။ ရောင်ရမ်းပြီးရင်လည်း အမာရွတ်လိုဖြစ်တာကြောင့် လမ်းကြောင်းတွေ ပိတ်ပါတယ်။

သည်းခြေလမ်းကြောင်း၊ အထူးသဖြင့် ဘုံသည်းခြေပြွန်ပိတ်ရင် မျက်လုံးဝါ၊ အသားဝါ၊ အသည်းရောင်ရမ်းပြီး ဖျားလာမယ်။

ဘုံသည်းခြေပြွန်နဲ့ မုန့်ချိုအိတ်ပြွန် စီးဝင်တဲ့ အူသိမ်ဦးပိုင်းနားမှာ ရောင်ရမ်းမှုတွေကြောင့် အူပိတ်တာ ဖြစ်နိုင်တယ်။

အရေးကြီးတဲ့ နောက်ထပ်ပြဿနာတစ်ခုက မုန့်ချိုအိတ်ကင်ဆာပါ။ နာတာရှည်မုန့်ချိုအိတ်ရောင်ရောဂါ ဖြစ်သူ (၅) ရာခိုင်နှုန်းလောက်မှာ မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။

⁕ ဘယ်လို စစ်ဆေးရမလဲ

မုန့်ချိုအိတ်ရောင်တယ်လို့ ထင်ရတဲ့ ဗိုက်အောင့်ခြင်း ခံစားနေရရင် အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုသမားတော်နဲ့ ပြရင် အကောင်းဆုံးပါ။

မုန့်ချိုအိတ်ရောင်တဲ့ ဓာတ်တွေ သွေးမှာ စစ်ရင် များနေနိုင်ပါတယ်၊ နာတာရှည် ရောင်ရမ်းသူတွေမှာတော့ သွေးစစ်တဲ့အဖြေမှာ သိပ်မများတော့လို့ မုန့်ချိုအိတ်ရောင်တာ မဟုတ်ပါဘူးလို့ လွဲမှားယူဆနိုင်ခြေရှိပါတယ်။

သံသယရှိရင်/ဝမ်းပြဿနာတွေပါ စနေပြီဆိုရင် ဝမ်းထဲမှာ အဆီပါသလား၊ မုန့်ချိုအိတ်ကထုတ်တဲ့ အစာချေအင်ဇိုင်း ပုံမှန်ရှိသလား စစ်ဆေးနိုင်ပါတယ်။

⁕ ဓာတ်မှန်ရိုက်ရင် ပေါ်လား

ဝမ်းဗိုက်ကို ဓာတ်မှန်၊ အာထရာဆောင်း၊ CT၊ MRI ရိုက်ရင် မုန့်ချိုအိတ်နဲ့ မုန့်ချိုအိတ်လမ်းကြောင်းပြဿနာတွေ သိနိုင်ပါတယ်။ သည်းခြေလမ်းကြောင်းနဲ့မုန့်ချိုအိတ်လမ်းကြောင်းကို အဓိကထားကို စစ်ဆေးတဲ့ MRCP သံလိုက်ဓာတ်မှန်ရိုက်ရင်တော့ နာတာရှည်မုန့်ချိုအိတ်ရောင်ရောဂါကို ကောင်းကောင်းသိနိုင်ပါတယ်။

⁕ အသံလှိုင်းပုံရိပ်ဖော်အထူးမှန်ပြောင်း

မုန့်ချိုအိတ်က အူသိမ်ဦးပိုင်းနဲ့ ကပ်ပြီးရှိနေတာပါ။ ထိပ်မှာ အာထရာဆောင်း တပ်ဆင်ထားတဲ့ အစာအိမ်အူလမ်းကြောင်းမှန်ပြောင်း (Endoscopic Ultrasound EUS) အသုံးပြုပြီး မုန့်ချိုအိတ်ကို အနီးကပ်စစ်ဆေးနိုင်ပါတယ်။ MRCP သံလိုက်ဓာတ်မှန်ရိုက်ပြီး သည်းခြေနဲ့မုန့်ချိုအိတ်လမ်းကြောင်းတွေ ကျဉ်း/ကျယ်နေ၊ ကင်ဆာအကျိတ်လိုရှိနေ၊ ကျောက်ရှိနေတယ် မသေချာရင် EUS မှန်ပြောင်းနဲ့ ကြည့်ပြီး တိတိကျကျ စစ်ဆေးသိရှိနိုင်ပါတယ်၊ အပ်နဲ့ထိုးသွင်းပြီး အကျိတ်ကနေ အသားစယူ စစ်ဆေးနိုင်ပါတယ်။

⁕ မုန့်ချိုအိတ်ကင်ဆာစစ်ဆေးခြင်း

ဆရာဝန်က သံသယရှိရင် CT/MRI နဲ့ CEA, CA 19-9 သွေးစစ်ဆေးမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။


ပို့စ်ရှည်ပြီး ပျင်းစရာ ဖြစ်သွားမှာမို့ ဘယ်လို ကုသရသလဲဆိုတာ နောက်အပတ် တနင်္ဂနွေနေ့ ညနေ ဆက်ရေးပေးပါမယ်။

Reference: UpToDate

မုန့်ချိုအိတ်ရောင်ခြင်းရောဂါ အကြောင်း ကျန်းမာရေးအသိတိုးပြီး အကျိုးရှိကြပါစေ။

ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

အစာအိမ်၊ အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ် ရောဂါများ၊ သိမှတ်ဖွယ်ရာ ကျန်းမာရေးဗဟုသုတများ ကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း ပြောပြပေးပါမယ်။ Page ကို Like & Follow လုပ်ထားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ရေးပေးထားပြီးသား ကျန်းမာရေး ဗဟုသုတတွေကိုလည်း လာဖတ်ကြည့်နိုင်ပါတယ်။

သိချင်တာရှိရင် ကွန်မန့်မှာ မေးနိုင်ပါတယ်။

မသိသေးတဲ့ မိတ်ဆွေတွေသိအောင်မျှဝေနိုင်ပါတယ်။