Posted on

COVID-19 ခုခံစွမ်းအား

➤ အမှတ်မမှားစေဖို့

COVID ဖြစ်ပြီး ရောဂါခုခံစွမ်းအား Antibody စစ်ကြည့်ကြတယ်။ အွန်လိုင်းမှာ ပြန့်နေတဲ့ Interpretation ပုံလေးတွေကြည့်ပြီး ယူဆချက်တွေ လွဲနေတာကို တွေ့ရပါတယ်။

မှားနေတဲ့ယူဆချက်များ

—————————-

IgM ပေါ်နေသေးရင် ပိုးကူးနိုင်သေးတယ်

IgG ပေါ်ရင်ရောဂါ ကာကွယ်နိုင်စွမ်းရှိနေပြီ

—————————-

အမှန်ကတော့

လူနာဆီက ရောဂါပိုးဘယ်နှစ်ရက်အထိ ကူးနိုင်လဲဆိုတာ မနေ့က ရေးပေးတဲ့ပို့စ်မှာ ဖတ်နိုင်ပါတယ်။

ရောဂါပိုးကူးနိုင်ခြေက ရောဂါစသိပြီး သို့မဟုတ် လက္ခဏာစပြီး (၁၀) ရက်ကျော်မှာ မရှိသလောက်ဖြစ်နေပါပြီ။

Nature Medicine စာစောင်မှာ ထုတ်ပြန်ခဲ့တဲ့ သေချာလေ့လာထားတဲ့ သုတေသနတွေအရ

SARS-CoV-2 IgM က ရောဂါပိုးစဝင်ပြီး (၃) ရက်ဝန်းကျင်မှာ စပေါ်ပြီး (၂၃) ရက်ဝန်းကျင်အထိ ပေါ်နေသေးတာကို တွေ့နိုင်ပါတယ်။

တကယ်တော့ လူအများစုမှာ စစ်ရင်တွေ့နိုင်လောက်အောင် IgM ပမာဏများများပေါ်တာက (၇) ရက်နဲ့ (၂၁) ရက်ကြားဖြစ်ပါတယ်။

အဲ့ဒီတွေ့ရှိချက်တွေကို ကြည့်ခြင်းအားဖြင့် IgM ပေါ်ရင် ရောဂါပိုးကူးနိုင်သေးတယ်ဆိုတာ မဟုတ်ကြောင်း နားလည်နိုင်ပါတယ်။

IgG ကိုလည်း ရောဂါပိုးစဝင်ပြီး တစ်ပတ်ဝန်းကျင်မှာကို စတွေ့နေနိုင်ပါတယ်။ များသောအားဖြင့် IgM စပေါ်ပြီးနောက်မှ IgG ပေါ်လေ့ရှိပါတယ်။ တချို့တွေမှာတော့ IgG က အရင်ပေါ်တာ၊ IgM နဲ့ IgG တူတူပေါ်လာတာတွေ ရှိနိုင်ပါတယ်။

IgG ကို ရောဂါဖြစ်ပြီး ဘယ်လောက်ကြာအောင်ထိ တွေ့ရမလဲ ဆိုတာကတော့ စောင့်ကြည့်လေ့လာနေကြဆဲ ဖြစ်ပါတယ်။ တချို့မှာ (၆) လလောက်အထိ တွေ့ရပါတယ်။

ရောဂါဖြစ်ပြီး ပေါ်လာတဲ့ IgG က နောက်ထပ် ရောဂါပိုးထပ်ဝင်လာရင် ခုခံကာကွယ်နိုင်မလားဆိုတာ မသေချာတဲ့အတွက် ရောဂါဖြစ်ပြီးလည်း ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းကြပါတယ်။

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် ကာကွယ်ဆေးထိုးလို့ ရသလဲ ဆိုတာလည်း ဆက်ရေးပေးပါဦးမယ်။

မှန်ကန်သော ကျန်းမာရေးဗဟုသုတတွေ မျှဝေပေးနေတဲ့

Happy & Healthy

အမြဲဖတ်ဖို့ See First လုပ်ထားစို့

ကျန်းမာပျော်ရွင်ကြပါစေ