Posted on

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

လူတစ်ယောက်အတွက် ပုံမှန်ဝမ်းသွားတဲ့အကြိမ်ဟာ တစ်ရက် (၃) ကြိမ်မှ၊ တစ်ပတ် (၃) ကြိမ်အတွင်း ရှိနိုင်ပါတယ်။

▶ ဘယ်လိုဆိုရင် ဝမ်းချုပ်တယ်ခေါ်လဲ

ဝမ်းနှုတ်ဆေးသောက်ဖို့မလိုပဲ တစ်ပတ်ကို (၃) ကြိမ်မှ မသွားရင်

ဝမ်းကလည်း အတုံးပုံစံ မာပြီး ဝမ်းသွားရခက်ရင် ဝမ်းချုပ်တယ်လို့ သတ်မှတ်ပါတယ်။

ဝမ်းပုံစံမာသလားဆိုတာ တိတိကျကျ သိနိုင်အောင် Bristol Stool Form Scale (BSFS) အဆင့် ၁ နဲ့ ၂ လို့သတ်မှတ်ပါတယ် အာရှတိုက်သားတွေအတွက် အဆင့် ၃ ကိုလည်း ဝမ်းချုပ်တယ် လို့ သတ်မှတ်နိုင်ပါတယ်။ (အောက်ကပုံမှာ ကြည့်ပေးပါ)

ဝမ်းချုပ်ခြင်းဟာ လူတစ်ရာမှာ အယောက် (၂၀) လောက် တွေ့ကြုံနေရတဲ့ ပြဿနာ ဖြစ်ပါတယ်။

▶ ဘာကြောင့်ဝမ်းချုပ်လဲ

အူမကြီးလှုပ်ရှားမှုမမှန်ခြင်း

အူလမ်းကြောင်းလှုပ်ရှားမှု နှေးခြင်း

ဝမ်း ညှစ်ထုတ်မှုမမှန်ခြင်း

ရေဓာတ်နည်းခြင်း

ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

အူလမ်းကြောင်းပိတ်ခြင်း

အူမကြီး ကင်ဆာ

အူမကြီးတွင် လှိုဏ်ဂူအပေါက်ပိုလေးများရှိခြင်း

စအိုကွဲနာရှိခြင်း/ကျဉ်းခြင်း

လည်ပင်းသိုင်းရွိုက်ဟော်မုန်းနည်းခြင်း

ပိုတက်ဆီယမ်ဓာတ်နည်းခြင်း

ကယ်ဆီယမ်ထုံးဓာတ်များခြင်း

ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်း

ဆေးအမျိုးမျိုး (Opioid အကိုက်အခဲပျောက်ဆေးများ၊ စိတ်ကျ/စိတ်ညစ်/စိတ်ရောဂါဆေးများ၊ ကယ်ဆီယမ်/အလူမီနီယမ်ပါဝင်သောဆေးများ အစာအိမ်ဆေးများ၊ သံဓာတ်အားဆေးများ)

စတာတွေကြောင့် ဝမ်းချုပ်တတ်ပါတယ်

▶ အူမကြီးမှန်ပြောင်းကြည့်ရန်လိုအပ်သူများ

ဝမ်းချုပ်ခြင်းပြဿနာက

အသက် (၄၅) ကျော်မှ ဖြစ်လျှင်

အကြောင်းမဲ့ပိန်လာလျှင်

ဝမ်းသွားလျှင် မနာ/မအောင့်ပဲ သွေးပါလျှင်

အကြောင်းမဲ့ သွေးအားနည်းလျှင်

မိသားစုထဲတွင် အူမကြီးကင်ဆာဖြစ်သူရှိလျှင်

မိသားစုထဲတွင် နာတာရှည် အူမကြီးရောင်ရောဂါရှိလျှင်

ဝမ်းဗိုက်အောက်ပိုင်းမှာ အလုံးအကျိတ်စမ်းမိလျှင်

စတဲ့အချက်တွေရှိရင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေရှိလို့ မှန်ပြောင်း ကြည့်ရှုစစ်ဆေးသင့်ပါတယ်။

▶ ဆရာဝန်နှင့်တိုင်ပင်ခြင်း

မကြာခဏ ဝမ်းချုပ်တတ်ရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဝမ်းချုပ်စေတဲ့ ရောဂါတွေ ရှိနေသလား သိရအောင် စနစ်တကျ စမ်းသပ် စစ်ဆေး ကုသဖို့ လိုအပ်ပါတယ်။

▶ ဝမ်းချုပ်ရောဂါကုသခြင်း

၁။ တစ်ရက် ရေ အနည်းဆုံး (၂) လီတာသောက်ပါ။

၂။ အသီးအရွက်အစားနည်းရင်၊ စားလို့ဗိုက်မပွရင် အမျှင်ဓာတ်များတဲ့ အသီးအရွက်များများစားပါ

(အတိအကျဆိုရင် တစ်ရက် လက်သီးဆုပ် ၅ ဆုပ်ခန့် ပမာဏ ပြည့်အောင်စားပါ)

၃။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တစ်ပတ် (၁၅၀) မိနစ်ခန့် ပုံမှန် လုပ်ပေးပါ

ဆေးအနေနဲ့ ဆရာဝန်ညွှန်ကြားချက်ယူပြီး

၁။ အမျှင်ဓာတ်ဖြည့်ပေးတဲ့ Ispaghula husk (e.g. Happy Gut) အထုပ်လေးတွေ တစ်ရက် ၃၀ ဂရမ်လောက် သောက်ပေးနိုင်ပါတယ်

၂။ Polyethylene glycol PEG (e.g. Movicol/Movcol) အထုပ်လေးတွေ တစ်ရက် (၃) ကြိမ်လောက်အထိ သောက်ပေးနိုင်ပါတယ်။ (Milk of Magnesium MOM, Lactulose စတဲ့ ဆေးတွေလည်း အသုံးပြုကြပေမဲ့ PEG ကိုတော့ ပိုညွှန်းပါတယ်)

၃။ အူလှုပ်ရှားမှုနှေးတဲ့သူတွေအတွက် Bisacodyl (e.g. Dulcolax, Duralax) ဆေးက ပို ထိရောက်ပါတယ်။ ညဖက်သောက်ရပါမယ်။

၄။ အဲ့ဒိဆေးတွေနဲ့ မသက်သာရင် ပေးသင့်တဲ့ ဆေးတွေ ရှိပါသေးတယ် (ဒီမှာတော့ ရှားမယ်)

၅။ ဝမ်း ညှစ်ထုတ်မှုမမှန်ခြင်း ပြဿနာအတွက် ကုသမှုပေးရာမှာ စအိုအတွင်း ဖိအားတိုင်းတာပေးတဲ့ စက်နဲ့ လိုအပ်သလို ညွှန်ကြားပေးမဲ့ ကျွမ်းကျင်သူ လိုအပ်ပါတယ်။ အကြမ်းဖျင်းကတော့ ဝမ်းညှစ်ချိန်မှာ စအိုရှုံ့ကြွက်သားကို လျှော့ထားပြီး အစာဟောင်းအိမ်အပေါ်ပိုင်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ပေးမှု မှန်ကန်လာအောင် ကျင့်ပေးရတာပါ။

ဝမ်းချုပ်ခြင်းဝေဒနာ ကင်းဝေးကြပါစေ

ဒေါက်တာငြိမ်းကိုဟိန်း

Happy & Healthy

အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

References

  1. British Society of Gastroenterology website (Corsetti, 2022)
  2. Indian Consensus (Ghoshal, 2019)

ဆေးလိုအပ်ရင်/သမားတော်နဲ့တိုင်ပင်ချင်ရင်

လူနာတွေကို ကုသမှုပေးတဲ့အခါမှာ ကိုယ်တိုင်တွေ့ကြုံရတဲ့ အခက်အခဲကတော့

ပေးရမဲ့ဆေးသိလို့ ဆရာဝန်က ဆေးရေးပေးရင်တောင် ဆေးဆိုင်တော်တော်များများမှာ ဝယ်လို့ မရတဲ့ ပြဿနာပါ။

Ispaghula husk အပါအဝင် ဝမ်းချုပ်သက်သာစေတဲ့ ဆေးတွေ လိုအပ်ရင်

သို့မဟုတ်

အစာအိမ်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ တိုင်ပင်ကုသချင်ရင်

ငြိမ်းဆေးခန်းနဲ့ဆေးဆိုင်

အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း၊ ရန်ကုန်

Phone & Viber 09977273420 ကို ဆက်သွယ်နိုင်ပါတယ်

အစာအိမ်၊ အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ် ရောဂါတွေအကြောင်းကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း ပြောပြပေးပါမယ်။

သိချင်တာရှိရင် ကွန်မန့်မှာ မေးသွားနိုင်ပါတယ်။ မိတ်ဆွေတွေသိနိုင်အောင်လည်း မျှဝေနိုင်ပါတယ်။