ထိပ်မှာ အလင်းရောင်နဲ့ ကင်မရာပါဝင်တဲ့ လက်ညိုးအရွယ်ပိုက်ပျော့လေးကို စအိုမှတစ်ဆင့် ထည့်ကြည့်တာပါ။
(အသက် ၄၅ နှစ်ကျော်တဲ့သူတိုင်း အူမကြီးကင်ဆာ ကြိုတင်စစ်ဆေးမှု ခံယူပြီး အူမကြီးကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ဖို့ တိုက်တွန်းနေကြပါပြီ)
⚠️ အောက်ပါ အချက် (၁၇) ချက်မှာ တစ်ခုခု ရှိရင် အူမကြီးမှန်ပြောင်းကြည့်ဖို့လိုအပ်ပါတယ်။
(၁) အာထရာဆောင်း၊ CT ဓာတ်မှန်နဲ့ အူမကြီးအတွင်းဘေရီယမ်ဆေးရည်သွင်းပြီး ရိုက်တဲ့ ဓာတ်မှန် စတာတွေမှာ အူမကြီး/အစာဟောင်းအိမ် ကျဉ်းခြင်းနှင့် အကျိတ်ဟု သံသယရှိဖွယ် ပုံရိပ်များတွေ့ခြင်း
(၂) အူမကြီး သွေးယိုခြင်း ရောဂါအမျိုးမျိုးအား ကြည့်ရှုစစ်ဆေးခြင်း (ဝမ်းထဲတွင် သွေးပါခြင်း၊ အစာအိမ်မှန်ပြောင်းကြည့်ပြီး ရောဂါမတွေ့ရသော ဝမ်းမည်းမည်းသွားခြင်း၊ မျက်စိဖြင့်မမြင်ရသော်လည်း Fecal Immunochemical Test (FIT) သို့မဟုတ် Fecal Occult Blood Test (FOBT) ဝမ်းစစ်ဆေးရာတွင် သွေးအနည်းငယ်ပါနေသည် (Positive) ဟု တွေ့ရခြင်း။
(၃) အကြောင်းမဲ့ သွေးအားနည်းနေခြင်း
(၄) အူမကြီးကင်ဆာနှင့် ကင်ဆာဖြစ်နိုင်သော အလုံးအကျိတ်များ ရှိနေသလား ကြည့်ရှုစစ်ဆေးခြင်း (လက္ခဏာမပြသော ကင်ဆာဖြစ်နိုင်ချေသာမာန်ရှိသော သူများအား စစ်ဆေးပေးခြင်း၊ ခွဲစိတ်/ဖြတ်တောက် ကုသပေးနိုင်သော အူမကြီးနှင့်အစာဟောင်းအိမ်ရှိ ကင်ဆာနှင့်အသားပိုလုံးများအား မကုသမီ အူမကြီးတစ်လျှောက်တွင် တခြား အလုံးအကျိတ်များ ရှိနေဦးမလား စစ်ဆေးခြင်း၊ ကင်ဆာနှင့်အသားပိုလုံးများအား ခွဲစိတ်/ဖြတ်တောက် ဖယ်ရှားပြီးနောက် ပြန်ဖြစ်လာနိုင်သေးသောကြောင့် တစ်နှစ်ပြည့်တွင် တစ်ခါ၊ နောက် သုံးနှစ်ပြည့်တွင် တစ်ခါ၊ နောက် ငါးနှစ်ပြည့်တွင် တစ်ခါ အူမကြီး မှန်ပြောင်းကြည့်ရန်၊ ကင်ဆာဖြစ်လာနိုင်ခြေရှိသော အူမကြီး အသားပိုလုံးများအား အချိန်သတ်မှတ်ချက်အတိုင်း စောင့်ကြည့်စစ်ဆေးရန်၊ မိသားစုအရင်းအချာ ထဲတွင် အူမကြီးကင်ဆာနှင့်ကင်ဆာဖြစ်နိုင်ခြေများသောအလုံးအကျိတ်များရှိပါက ကျန်သူများကို ကြည့်ရှုစစ်ဆေးရန်)
(၅) နာတာရှည် အူမကြီးရောင်ရောဂါရှိသူများတွင် ရောဂါအခြေအနေ စစ်ဆေးခြင်းနှင့် နှစ်ကြာလာလျှင် ကင်ဆာလာနိုင်ခြေများသောကြောင့် စောင့်ကြည့်စစ်ဆေးခြင်း
(၆) အကြောင်းတိတိကျကျမရှိပဲ သိသိသာသာ ဝမ်းလျှောနေခြင်း
(၇) ခွဲစိတ်နေစဉ်အတွင်း ပြဿနာရှိသော အူမကြီးနေရာအား အပြင်မှကြည့်၍ မသေချာလျှင် (အသားပိုလုံးအား မှန်ပြောင်းမှတစ်ဆင့် ဖြတ်ထားသောနေရာ၊ သွေးထွက်နေသောနေရာ)
(၈) အူမကြီးအတွင်းမှ သွေးထွက်နေသော ပြဿနာများအား ကုသပေးရန် (ပုံမှန်မဟုတ်သော အသားနုလွှာသွေးကြောမှ သွေးထွက်ခြင်း၊ အနာဖြစ်ခြင်း၊ ကင်ဆာအကျိတ်၊ အသားပိုလုံးအား ဖြတ်တောက်ထားသောနေရာမှသွေးထွက်ခြင်း)
(၉) ခွဲစိတ်ဖြတ်တောက်ပြီး ပြန်ဆက်နေချိန်တွင် သေချာစေရန် ကြည့်ရှုစစ်ဆေးခြင်း (အဆက်နေရာ လမ်းကြောင်းမှန်ပွင့်ခြင်း၊ အဆက်မှ ယိုစိမ့်ခြင်း၊ သွေးထွက်ခြင်း၊ အိတ်သဖွယ်ပြုလုပ်ထားခြင်း)
(၁၀) ဝမ်းဗိုက်တွင် အပေါက်ငယ်များသာ ဖောက်၍ ခွဲစိတ်ကုသခြင်းအား ကူညီပေးရန်
(၁၁) ခွဲစိတ်ကုသပြီး ဖြစ်လာနိုင်ခြေရှိသော ပြဿနာများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကုသပေးခြင်း (ကျဉ်းလာသော အဆက်နေရာအား ချဲ့ပေးခြင်း)
(၁၂) အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်နေသော အရာဝတ္တုများအား ဖယ်ထုတ်ခြင်း
(၁၃) ကင်ဆာ/ကင်ဆာဖြစ်နိုင်ခြေရှိသော အလုံး/အကျိတ်များအား မှန်ပြောင်းမှတစ်ဆင့် ဖြတ်ထုတ်ခြင်း၊ ဖျက်ဆီးဖယ်ရှားခြင်း
(၁၄) ရောဂါကြောင့် အူမကြီး ရုတ်တရက်အလွန်ကျယ်လာခြင်း၊ အူမကြီးလှည့်ပတ်လိမ်ခေါက်ခြင်း ကို ဖြေလျှော့ပေးရန်
(၁၅) ကျဉ်းနေသော အူမကြီးနေရာအား လေဘောလုံးအသုံးပြု၍ ချဲ့ပေးခြင်း
(၁၆) ကင်ဆာကြောင့် ကျဉ်းနေသော၊ သွေးထွက်နေသော ပြဿနာအား သက်သာအောင် ပြုလုပ်ပေးရန်
(၁၇) နောင်တွင် မှန်ပြောင်းမှတစ်ဆင့် ဖြတ်တောက်ချိန် သို့မဟုတ် ဗိုက်ဖွင့်ခွဲစိတ်ချိန်တွင် ရှာဖွေရ လွယ်ကူစေရန် ကင်ဆာ/ကင်ဆာဖြစ်နိုင်ခြေများသော အလုံးအကျိတ်နေရာအား မှင်တစ်မျိုးဖြင့် တက်တူးထိုး အမှတ်အသားပြုလုပ်ပေးရန်
အူမကြီးမှန်ပြောင်းကြည့်ရင်နာမှာလား
ဗိုက်ကသိကအောက် အနည်းငယ်ဖြစ်နိုင်ပါတယ်။ သက်သက်သာသာနဲ့ မှိန်းစေတဲ့ အိပ်ဆေးနဲ့ အနာသက်သာဆေး ထိုးပေးပြီး ကြည့်တာပါ။
မှန်ပြောင်းကြည့်ချိန်မှာ လုံးဝ မသိချင်ရင် မေ့ဆေးဆရာဝန်နဲ့ ညှိနှိုင်းပြီး မေ့ဆေးနဲ့လည်းကြည့်နိုင်ပါတယ်
ကုန်ကျစားရိတ်ဘယ်လောက်ရှိမလဲ
ဘယ်မြို့မှာကြည့်မှာလဲ၊ ဘယ်ဆေးရုံမှာကြည့်မှာလဲ၊ ဘယ်ဆရာဝန်နဲ့ကြည့်မှာလဲ၊ မေ့ဆေးသုံးမှာလား၊ အသားစယူခြင်း၊ အသားပိုလုံးဖြတ်ခြင်း၊ မှန်ပြောင်းနဲ့ ကုသခြင်းလုပ်ရသလား ဆိုတဲ့ အချက်တွေပေါ်မူတည်ပြီး ကုန်ကျစားရိတ် ကွာပါတယ်။
ရန်ကုန်က မှန်ပြောင်းကြည့်လို့ရတဲ့ ဆေးရုံအများစုမှာတော့ အူမကြီးမှန်ပြောင်းကြည့်ရုံပဲဆိုရင် (၃) သိန်းနဲ့ (၃) သိန်းခွဲ ဝန်းကျင် ကုန်ကျနိုင်ပါတယ်။
အူမကြီးမှန်ပြောင်းကြည့်သင့်တဲ့အချိန်မှာ ကြည့်ပြီး ရောဂါတွေ အချိန်မီ သိရှိကုသ ပျောက်ကင်းနိုင်ကြပါစေ။
#ColonoscopyIndications #HappyHealthy
Reference
Early DS et al. Gastrointest Endosc. 2012 (Latest ASGE Guideline)
ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်