Posted on

သည်းခြေကျောက်တည်ခြင်း

➡️ အဖြစ်များသလား

အရွယ်ရောက်ပြီးသူတွေရဲ့ ၁၀-၁၅ ရာခိုင်နှုန်းမှာ သည်းခြေကျောက်ဖြစ်တာကို တွေ့ရလို့ အဖြစ်များတယ်လို့ ပြောနိုင်ပါတယ်။

➡️ကျောက်ရှိတိုင်း လက္ခဏာခံစားရလား

သည်းခြေကျောက်ရှိသူ ၇၅ ရာခိုင်နှုန်းလောက်က ဘာလက္ခဏာမှ မခံစားရပါ။

၂၅ ရာခိုင်နှုန်းကတော့ ၁၀ နှစ်အတွင်း လက္ခဏာ ခံစားရပါလိမ့်မယ်။

➡️ ဘယ်လို လက္ခဏာပြလဲ

သည်း‌ခြေကျောက်ကြောင့် ဗိုက် အပေါ်ပိုင်းသို့မဟုတ် ညာဖက်ခြမ်းအောင့်ခြင်း ဖြစ်တာများပါတယ်။ အောင့်တာက ကျောဖက်အပေါ်ပိုင်းပါ ပါလာနိုင်ပါတယ်။ တစ်ခါအောင့်ရင် ၁၅ မိနစ်၊ နာရီဝက်လောက် ကြာနိုင်ပါတယ်။

အောင့်တာအပြင် ချွေးပြန်၊ ပျို့အန်ခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။

➡️ ဘယ်လို ပြဿနာတွေရှိနိုင်သေးလဲ

သည်းခြေကျောက်ကြောင့် သည်းခြေအိတ်ရုတ်တရက်ရောင်ရမ်းခြင်း၊ သည်းခြေပြွန်အတွင်းကျောက်ရောက်လာခြင်းနှင့် သည်းခြေပြွန်ပိတ်ခြင်း၊ သည်းခြေပြွန်ရောင်ရမ်းခြင်း၊ သည်းခြေကျောက်ကြောင့် ပန်ကရိယ (မုန့်ချိုအိတ်) ရောင်ရမ်းခြင်း၊ ရှားရှားပါးပါး သည်းခြေအိတ်ကင်ဆာဖြစ်ခြင်း တွေပါ ရှိနိုင်ပါတယ်။

➡️ ရောဂါရှာဖွေခြင်း

သည်းခြေကျောက်ကို ဝမ်းဗိုက် အာထရာဆောင်း (တီဗွီဓာတ်မှန်) ရိုက်ရင် တွေ့ရပါတယ်။ သည်းခြေကျောက်ရဲ့လက္ခဏာတွေရှိနေရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး အာထရာဆောင်း ရိုက်ကြည့်ပါ။ လက္ခဏာတွေက သေချာသလောက်ရှိနေပြီး ပထမအကြိမ် အာထရာဆောင်းမှာ သည်းခြေကျောက်မတွေ့ရင် ၂ ပတ်ကျော်လောက်မှာ ထပ်ရိုက်ကြည့်နိုင်ပါတယ်။ အသည်းနဲ့သည်းခြေလမ်းကြောင်းအတွက် သွေးစစ်ဆေးခြင်း၊ ဝမ်းဗိုက်ရိုးရိုးဓာတ်မှန်ရိုက်ခြင်းလည်း ပြုလုပ်သင့်ပါတယ်။

အဲ့ဒါကိုမှ မတွေ့ရင် လိုအပ်ရင် CT ဓာတ်မှန်၊ MRCP သံလိုက်ဓာတ်မှန် ရိုက်နိုင်ပါတယ်။

လိုအပ်ရင် Endoscopic Ultrasound (EUS) (အသံလှိုင်းပုံရိပ်ဖော်အထူးမှန်ပြောင်း) နဲ့ ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။

➡️ သည်းခြေကျောက် ကုသခြင်း

လက္ခဏာမပြတဲ့ သည်းခြေကျောက်တွေကို ကုသဖို့ မတိုက်တွန်းပါ။ အသည်းနဲ့သည်းခြေလမ်းကြောင်း ပြဿနာများပေါ်လာခြင်းနဲ့ သည်းခြေအိတ်ကင်ဆာဖြစ်နိုင်ခြေအနည်းငယ်ရှိခြင်းကြောင့် နှစ်စဉ် စမ်းသပ် စစ်ဆေးမှု ခံယူဖို့တော့ လိုအပ်ပါတယ်။

သည်းခြေအိတ်ကျောက်ကြောင့် လက္ခဏာတွေခံစားရတယ်ဆိုရင် သည်းခြေကျောက်အပါအဝင် သည်းခြေအိတ်ကို ခွဲထုတ်ပြီး ကုသတာ ကောင်းပါတယ်။ Laproscopic Cholecystectomy လို့ခေါ်တဲ့ ဝမ်းဗိုက်မှာ အပေါက်ငယ်လေးတွေဖောက်ပြီး ခွဲစိတ်ကုသခြင်းလုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။

လက္ခဏာလည်းပြတယ် ခွဲစိတ်ကုသဖို့လည်း အကြောင်းအမျိုးမျိုးကြောင့် မဖြစ်နိုင်ရင် သည်းခြေကျောက်အရွယ်အစားကလည်း ၁၅ မီလီမီတာ (၁.၅ စင်တီမီတာ) အောက်ငယ်ရင် သည်းခြေကျောက် ပျော်ဆေး ပေးကြည့်နိုင်ပါတယ် နှစ်နဲ့ချီပြီး ပေးရတာများပါတယ် ကျောက်မပျော်သေးရင်တောင် လက္ခဏာတွေကို မြန်မြန်သက်သာစေနိုင်ပါတယ်။ အသည်းခြေကျောက် အရွယ်အစားက ၂၀ မီလီမီတာ အောက်ဆိုရင် အသံလှိုင်းသုံးကျောက်ချေခြင်း (ESWL) နည်းစနစ်တွေ သုံးနိုင်ပါတယ်။

➡️ သည်းခြေပြွန်ကျောက် ကုသခြင်း

သည်းခြေပြွန်အတွင်းမှာပါ ကျောက်ရှိနေရင် ပန်ကရိယနဲ့သည်းခြေလမ်းကြောင်းမှန်ပြောင်း မှတစ်ဆင့် ကျောက်ထုတ်ခြင်း သို့မဟုတ် ထောက်ပြွန်ထည့်ခြင်းပြုလုပ် ကုသပေးနိုင်ပါတယ်။၊ သည်းခြေပြွန် ခွဲစိတ်နိုင်တဲ့ နေရာမှာဆိုရင် ခွဲစိတ်ကုသလို့လည်း ရပါတယ်။

သည်းခြေပြွန်ကျောက်အပြင် သည်းခြေကျောက်ပါ တွဲရှိနေရင်တော့ လက္ခဏာစပြပြီး (၁၀) ရက်အတွင်း သည်းခြေအိတ်ပါ ခွဲထုတ်ဖို့ လိုပါတယ်။ (၇၂) နာရီအတွင်း သည်းခြေအိတ်နဲ့ကျောက်ထုတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ သည်းခြေကျောက်ကို မြန်ြမန်မထုတ်ရင် သည်းခြေပြွန်အတွင်း ကျောက်ထပ်ကျလာပြီး ပိတ်နိုင်ခြေရှိပါတယ်။

သည်းခြေကျောက်ကို အရင် ခွဲထုတ်ဖြစ်တယ် သည်းခြေပြွန်မှာလည်းကျောက်ရှိတာတွေ့တယ် ခွဲထုတ်ဖို့လည်း မလွယ်ဘူးဆိုရင် သည်းခြေအိတ်ထုတ်ပြီးနောက် ပန်ကရိယနဲ့သည်းခြေလမ်းကြောင်းမှန်ပြောင်း မှတစ်ဆင့် ကျောက်ထုတ်ခြင်း သို့မဟုတ် ထောက်ပြွန်ထည့်ခြင်း ပြုလုပ်ပေးရပါတယ်။ သည်ခြေအိတ်ထုတ်ထားပေမဲ့ သည်းခြေပြွန်ထဲမှာ ကျောက်တည်နိုင်ခြေ ရှိနေပါသေးတယ်။

ကျန်းမာပျော်ရွင်ကြပါစေ။

ဒေါက်တာငြိမ်းကိုဟိန်း

Happy & Healthy

အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

References

1. Japan Guideline (Tazuma S, 2016)

2. EASL Guideline (2016)

3. World Society of Emergency Surgery Guideline (Pisano M, 2020)

အစာအိမ်၊ အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ် ရောဂါတွေအကြောင်းကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း ပြောပြပေးပါမယ်။ Page ကို Like & Follow လုပ်ထားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ရေးပေးထားပြီးသား သိမှတ်ဖွယ်ရာ ကျန်းမာရေး ဗဟုသုတတွေကိုလည်း လာဖတ်ကြည့်နိုင်ပါတယ်။

မိတ်ဆွေတွေသိအောင်လည်း မျှဝေနိုင်ပါတယ်။

Posted on

GI ဆေးများ

ရန်ကုန်၊ ဗဟန်းက ငြိမ်းဆေးခန်းနဲ့ဆေးဆိုင်မှာ အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ်ရောဂါတွေကို အဓိကထားပြီး ကုသပေးနေပါတယ်။
အစာအိမ်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ ဆေးခန်းမှာ လာပြီးဖြစ်စေ၊ Viber call Teleconsultation နဲ့ဖြစ်စေ တိုင်ပင်ဆွေးနွေး ကုသနိုင်တဲ့အပြင် အာနိသင်ကောင်းပြီး ထိရောက်တဲ့ဆေးတွေကိုပါ လာရောက်ဝယ်ယူခြင်း/အိမ်ရောက်ငွေချေ မှာယူခြင်း ပြုလုပ်နိုင်လို့ လူနာတွေ အဆင်ပြေကြပါတယ်။

ဆေးတွေကို ကျွမ်းကျင်တဲ့ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ သောက်ပါ

ငြိမ်းဆေးခန်းနဲ့ဆေးဆိုင်မှာ အောက်ပါဆေးတွေ ရရှိနိုင်ပါတယ်။
ကုမ္ပဏီဈေးပြောင်းလဲတတ်လို့ ဈေးထည့်မရေးထားပါဘူး။
ဆေးခန်း ဖုန်း/Viber ကို မေးနိုင်ပါတယ်။ Website link မှာလည်း ဝင်ကြည့်နိုင်ပါတယ်။

Continue reading GI ဆေးများ
Posted on

အစာအိမ်ဆေးစနစ်တကျသောက်နည်း

ကျွန်တော် ခဏခဏ ပြောဖူးသလို ဗိုက်အပေါ်ပိုင်းအလယ်နားက မကြာခဏ အောင့်တတ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အစာအိမ်ပိုးရှိနေသလား စစ်သင့်ပါတယ်။ Stool H pylori Antigen Test ဝမ်းစစ်ဆေးခြင်းကတော့ နီးစပ်ရာဓာတ်ခွဲခန်းမှာ အလွယ်တကူ စစ်လို့ရနိုင်ပြီး ဈေးသိပ်မကြီးပါဘူး။ အစာအိမ်ပိုးရှိနေရင်တော့ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော် သို့မဟုတ် ကျွမ်းကျင်တဲ့ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သင့်တော်တဲ့ ပိုးသတ်ဆေး အစာအိမ်ဆေးတွေ (၂) ပတ်လောက် သောက်ရပါမယ်။ ပိုးရှိသေးလား ပြန်စစ်ရပါမယ်။

ဗိုက်မကြာခဏအောင့်တယ် အစာအိမ်ပိုး‌တော့မရှိဘူးဆိုရင် Aceclofenac, Diclofenac, Ketorolac, Ibuprofen စတဲ့ အကိုက်အခဲပျောက်အ‌‌ရောင်ကျဆေးတွေ မကြာခဏသောက်နေသလား၊ သောက်နေရင် ရပ်ရပါမယ်။ သွေးကျဲဆေးတွေသောက်နေရင် အစာအိမ်ဆေးတွဲပေးဖို့ လိုနိုင်ပါတယ်။

အချိန်မှန်စားပါ၊ စားလိုက်တိုင်းဗိုက်ပိုအောင့်စေတဲ့ အစားအသောက်တွေကို သတိထားမှတ်သားပြီး ရှောင်ကြည့်ပါ။

အစာအိမ်ပိုးကြောင့်မဟုတ်တဲ့ အစာအိမ်အနည်းငယ် ရောင်ခြင်း၊ ပွန်းခြင်း ပြဿနာ အများစုကို အစာအိမ်ဆေးလို့ အလွယ်ခေါ်တဲ့ Omeprazole, Pantoprazole, Esomeprazole, Lansoprazole, Rabeprazole စတဲ့ Proton Pump Inhibitor (PPI) အုပ်စုဝင် အစာအိမ်အက်စစ်ထုတ်တာလျှော့ချတဲ့ဆေးတွေ သောက်ရင် သက်သာစေနိုင်ပါတယ်။

👉 စနစ်တကျသောက်နည်းဆိုတာက ခုမှ စပြောမှာပါ။

အစာအိမ်ဆေးတွေကို နံနက်စာ မစားမီ နာရီဝက်အလိုမှာ သောက်တာက အာနိသင် အကောင်းဆုံး ရရှိနိုင်လို့ တစ်ရက် တစ်ကြိမ်သောက်ရုံနဲ့ လုံလောက်ပါတယ်။

(လိုအပ်သူတွေမှာတော့ မနက် ည ပေးရတာလည်းရှိပါတယ်)

အရေးကြီးတာက အနည်းဆုံး (၂) ပတ်ကြာအောင် သောက်ဖို့ပါ။ လိုအပ်ရင် တစ်လလောက်ကြာအောင် သောက်ခိုင်းရပါတယ်။

တစ်လလောက် ဆေးသေချာသောက်တာကို မသက်သာပဲ ဗိုက်အောင့်နေသေးရင်တော့ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ တိုင်ပင်ပြီး စစ်ဆေးကုသရပါမယ်။ အစာအိမ်မှန်ပြောင်း ကြည့်သင့်ပါတယ်။

အစာအိမ်ကြောင့်မဟုတ်တဲ့ ဗိုက်အောင့်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။

ဗိုက်အောင့်ရောဂါကို စနစ်တကျ ကုသမှုရရှိပြီး ပျောက်ကင်း ကျန်းမာ ပျော်ရွင်ကြပါစေ။

ဒေါက်တာငြိမ်းကိုဟိန်း

Happy & Healthy

အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

Posted on

အစာအိမ်ကင်ဆာ ဖြစ်ခါစမှာ တွေ့အောင်ရှာ

အစာအိမ်ကင်ဆာ ဖြစ်ခါစ အနေအထားမှာ တွေ့ရင် အရှင်းပျောက်အောင် ကုသနိုင်ခြေများပါတယ်။

အစာအိမ်နံရံမှာ အလွှာ ၄ လွှာရှိပါတယ်။ ဖြစ်ခါစ ဆိုတာ အစာအိမ်ကင်ဆာ အကျိတ် သို့မဟုတ် အနာက Mucosa ခေါ်အတွင်းဆုံး အသားနုလွှာမှာပဲ ရှိသေးရင် ဖြစ်စေ၊ Submucosa လို့ခေါ်တဲ့ အတွင်းဖက်မှ ဒုတိယအလွှာအထိပဲ ရောက်သေးရင်ဖြစ်စေ အဲ့ဒိအနေအထားကို ခေါ်ပါတယ်။ ပုံမှာ အနီရောင် လေးထောင့်ကွက်နဲ့ ပြထားပါတယ်။

စောစောတွေ့ဖို့ဆိုရင် ပထမဆုံးအချက်အနေနဲ့ အစာအိမ်မှန်ပြောင်းကြည့်သင့်တဲ့ လူနာတွေကို အချိန်မီ မှန်ပြောင်း ကြည့်ပေးနိုင်ဖို့ လိုပါတယ်။

Age Standardized Ratio (ASR) အရ လူတစ်သိန်းမှာ အစာအိမ်ကင်ဆာ အယောက် ၂၀ ကျော် ဖြစ်တယ်လို့ တွေ့ရှိရတဲ့ နိုင်ငံတွေကို အစာအိမ်ကင်ဆာ ဖြစ်နှုန်းများတယ် (High Risk) လို့ သတ်မှတ်ပါတယ်။

အဲ့လို နိုင်ငံတွေမှာ လူတိုင်း အသက် ၄၀ ကျော်ရင် အစာအိမ်မှန်ပြောင်း စကြည့်ပြီး ကောင်းရင်တောင် နှစ်နှစ်တစ်ခါလောက် ပြန်ကြည့်ပေးသင့်တယ်လို့ လက်ခံသတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ASR လူတစ်သိန်းမှာ အစာအိမ်ကင်ဆာ ဘယ်နှစ်ယောက် ဖြစ်တယ်ဆိုတဲ့ Data အတိအကျ မရှိသေးပေမဲ့၊ နည်းတော့ မနည်းပါဘူး။

မကြာခဏ ဗိုက်အောင့်တတ်ရင် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြပြီး အစာအိမ်ပိုးစစ်ဆေးပါ။ စနစ်တကျကုသပါ။ အစာအိမ်ပိုးကြောင့် အစာအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။

⚠️ အစာအိမ်ကင်ဆာ သံသယရှိလို့ အစာအိမ်မှန်ပြောင်းကြည့်သင့်တဲ့ လူနာတွေကတော့

👉 (၁) သွေးအန်ခြင်း၊ ကတ္တရာစေးရောင် ဝမ်းမည်းမည်းသွားခြင်း

👉 (၂) Haemoglobin သွေးနီဓာတ်အားနည်းခြင်း (အစာအိမ်အူလမ်းကြောင်း သွေးယိုခြင်း ရှိနိုင်သည်ဟု ယူဆရသူများ)

👉 (၃) အစားအသောက်ပျက်ခြင်း၊ အကြောင်းမဲ့ပိန်လာခြင်း၊ အသက် (၅၀) ကျော်မှ ဖြစ်လာသော ဝမ်းဗိုက်အပေါ်ပိုင်း အောင့်ခြင်း

👉 (၄) အဖေ၊ အဖေ၊ သားသမီး၊ ညီအစ်ကို မောင်နှမအရင်းတွေမှာ အသက် ၅၀ မတိုင်မီ အစာအိမ်ကင်ဆာ ဖြစ်ဖူးရင် မိမိအသက် ၃၅ နှစ်ဝန်းကျင်မှာ အစာအိမ်မှန်ပြောင်း စကြည့်သင့်ပါတယ်။ အသက် ၅၀ နောက်ပိုင်းမှ အစာအိမ်ကင်ဆာ ဖြစ်ခဲ့တာဆိုရင်တော့ မိမိအသက် ၅၀ ဝန်းကျင်မှာ အစာအိမ်မှန်ပြောင်း စကြည့်သင့်ပါတယ်။

👉 (၅) သင့်တော်တဲ့ဆေးနဲ့ တစ်လကျော်ခန့် ကုသပေးထားပေမဲ့ မသက်သာတဲ့ ဗိုက်အပေါ်ပိုင်းအောင့်ခြင်း

👉 (၆) နာတာရှည် အစာအိမ်ရောင်ခြင်းကြောင့် ဖြစ်သည့် ကင်ဆာဖြစ်လာနိုင်ဖွယ်များသော အသားနုလွှာ ပုံစံပြောင်းလဲမှုအား ပုံမှန် စောင့်ကြည့်စစ်ဆေး ကုသခြင်း

👉 (၇) အူမကြီး၊ အူသိမ်နှင့် အစာအိမ်တွင် ကင်ဆာပြောင်းလဲနိုင်ခြေရှိသော အသားပိုလုံးများ ရာနှင့်ချီ၍ တွေ့ရတဲ့ မျိုးရိုးလိုက်သောရောဂါစုရှိသူများ

👉 (၈) ဓာတ်မှန်၊ အာထရာဆောင်း၊ CT ဓာတ်မှန် စသည်တို့တွင်တွေ့ရသော အစာအိမ်နှင့်အူသိမ်ပြဿနာများကို မှန်ပြောင်းဖြင့် မျက်မြင်တိုက်ရိုက် ကြည့်ရှုသေချာစေခြင်းနှင့် အသားစယူ၍ စစ်ဆေးခြင်း။

(ကင်ဆာသံသယဖြစ်ဖွယ်ပုံရိပ်များ၊ အစာအိမ်/အူသိမ်အနာ၊ အစာအိမ်နှင့် အူသိမ် ကျဉ်းခြင်း/ပိတ်ခြင်း)

အစာအိမ်ကင်ဆာ ဖြစ်ခါစမှာ တွေ့ဖို့ အရေးကြီးတဲ့ ဒုတိယအချက်ကတော့ အစာအိမ်မှန်ပြောင်းကြည့်ချိန်မှာ စနစ်တကျ စေ့စေ့စပ်စပ် ကြည့်ပေးဖို့ပါ။

မှန်ပြောင်းကြည့်ချိန်မှာ အစာအိမ်အတွင်း အမြုပ်တွေ၊ အကျိအချွဲတွေ ရှင်းလင်းနေအောင် မှန်ပြောင်း မကြည့်မီမှာ Simethicone နဲ့ N-acetylcysteine လိုမျိုး ဆေးရည်ပမာဏ နည်းနည်း ကြိုတိုက်ပေးထားရပါတယ်။

မှန်ပြောင်းကြည့်ချိန်မှာ အနည်းဆုံး ၇ မိနစ်ကျော် အချိန်ပေးပြီး Systematic Screening Protocol for the Stomach (SSS) အတိုင်း အစာအိမ်နဲ့အူသိမ်ရဲ့ သတ်မှတ်နေရာ ၂၂ နေရာကို သေချာကြည့်ပြီး ဓာတ်ပုံမှတ်တမ်းယူပေးရပါတယ်။

အစာအိမ်နံရံရဲ့ လှိုင်းတွန့်တွေကြားထဲမှာ ကင်ဆာသံသယဖြစ်စရာ ပြောင်းလဲနေတဲ့ နေရာတွေ ဖုံးကွယ်ပြီး လွတ်မသွားအောင် လေကို သင့်တော်တဲ့ ပမာဏပေးပြီး ကြည့်ဖို့ လိုပါတယ်။

Mucosa ခေါ် အတွင်းဆုံးနံရံမှာ သံသယဖြစ်ဖွယ် ပြောင်းလဲမှုတွေ့ရင် မှန်ပြောင်းမှာပါတဲ့ Image Enhanced Endoscopy (NBI, BLI/FICE or similar) + Magnification နည်းပညာကို သုံးပြီး အသေးစိတ် ကြည့်ရှုစစ်ဆေးပေးရပါတယ်။

သံသယဖြစ်ဖွယ်နေရာနဲ့ တခြားနေရာတွေကနေ Sydney Protocol အတိုင်း Biopsy အသားစတွေ ယူရပါတယ်။

အသားစ အဖြေတွေကို ကျွမ်းကျင်တဲ့ ရောဂါဗေဒပါရဂူက စနစ်တကျ ကြည့်ရှုစစ်ဆေးပြီးရင်တော့ အစာအိမ်ကင်ဆာ ဖြစ်ခါစ အခြေအနေလားဆိုတာ သေချာ သိရပါပြီ။

ကင်ဆာ ဖြစ်ခါစအဆင့်မှာ တွေ့တယ်ဆိုရင် ခွဲစိတ်ဖို့မလိုပဲ မှန်ပြောင်းနဲ့ပဲ ကြည့်ပြီး ကင်ဆာဖြစ်နေတဲ့ နံရံအတွင်းလွှာကို ကျွမ်းကျင်တဲ့ အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်က အရှင်းပျောက်အောင် ဖြတ်ထုတ်ပေးလို့ ရပါတယ်။

References

  1. Yao K, et al. JGES Guideline. Digestive Endoscopy. 2020.
  2. Chiu PWY, et al. Asian Consensus. Gut. 2019.
  3. Banks M, et al. BSG Guideline. Gut. 2019.
  4. Bisschops Raf et al. ESGE Guideline. Endoscopy. 2016.

အစာအိမ်ကင်ဆာ အန္တရာယ်မှ ကင်းဝေးကြပါစေ

ဒေါက်တာငြိမ်းကိုဟိန်း

Happy & Healthy
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

ခင်မင်သူတွေ သိအောင် မျှဝေပေးနိုင်ပါတယ်

Posted on

IBS အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သောရောဂါ

IBS IBS ဆိုတဲ့ ရောဂါနာမည်ကို ကြားဖူးနားဝ ရှိနေကြမယ် ထင်ပါတယ်။ နာမည် အရှည်ကတော့ Irritable Bowel Syndrome ဖြစ်ပါတယ်။
အူလမ်းကြောင်းပြဿနာကြောင့် ခံစားရတဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်။
ဗိုက်အောင့်တယ် ဝမ်းလျှော/ဝမ်းပျော့လာတယ် သို့မဟုတ် ဝမ်းချုပ်လာတယ် သို့မဟုတ် ဝမ်းလျှောလိုက် ဝမ်းချုပ်လိုက် ဖြစ်နေတယ်ဆိုတာ ဒီရောဂါရဲ့ အဓိက လက္ခဏာ ဖြစ်ပါတယ်။

⚛ အဖြစ်များသလား
အဖြစ်များပါတယ်။ လူတစ်ရာမှာ ဆယ်ယောက်-အယောက်နှစ်ဆယ်လောက် ဖြစ်နိုင်ပါတယ်။ အသက် ၂၀-၄၀ ဝန်းကျင်လောက်မှာ စဖြစ်လေ့ရှိပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

⚛ ဘာကြောင့်ဖြစ်သလဲ

Continue reading IBS အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သောရောဂါ
Posted on

စားချဉ့်ပြန်ရောဂါ

ဒီပို့စ်မှာ စားချဉ့်ပြန်ရောဂါ GERD နဲ့ပတ်သက်လို့ စုံစုံလင်လင်သိရအောင် ရေးပေးထားပါတယ်။
အောက်ပါခေါင်းစဉ်လေးတွေပါပါတယ်
⨀ စားချဉ့်ပြန်ရောဂါဆိုတာဘာလဲ
⨀ စားချဉ့်ပြန်ရောဂါဘာကြောင့်ဖြစ်လဲ
⨀ စားချဉ့်ပြန်ရောဂါဖြစ်စေသောအကြောင်းများ
⨀ ဘာလက္ခဏာတွေပြလဲ
⨀ ရောဂါကြီးကြီးမားမားရှိနိုင်သော လက္ခဏာများ
⨀ စမ်းသပ်စစ်ဆေးခြင်း
⨀ ရှောင်သင့်သော အစားအသောက်များ
⨀ ကုသခြင်း

ပထမဆုံးသိစေချင်တာက
⨀ စားချဉ့်ပြန်ရောဂါဆိုတာဘာလဲ

Continue reading စားချဉ့်ပြန်ရောဂါ
Posted on

အသားစယူပြီး အစာအိမ်ပိုး စစ်ဆေးခြင်း

အစာအိမ်မှန်ပြောင်းကြည့်သင့်လို့ ကြည့်ချိန်မှာ အသားစသေးသေးယူပြီး အစာအိမ်ပိုးစစ်လိုက်တာ များပါတယ်။ Rapid Urease Test (RUT) လို့ ခေါ်ပါတယ်။

👉 အဖြေမှန်ဖို့အတွက်
ပိုးရှိမရှိ မစစ်ဆေးမီ
Omeprazole, Pantoprazole, Esomeprazole, Lansoprazole, Rabeprazole စတဲ့ ဆေးတွေကို အနည်းဆုံး (၂) ပတ် ရပ်ထားရပါမယ်
ပိုးသတ်ဆေးအမျိုးမျိုးနဲ့ Bismuth ဆေး ကို အနည်းဆုံး (၄) ပတ် ရပ်ထားရပါမယ်
အဲ့လို သေချာ မရပ်ထားပဲ စစ်ရင် ပိုးရှိရင်လည်း အဖြေမှားပြီး မရှိဘူး ပြပါတယ်။

👉 အစာအိမ်ပိုးစစ်တဲ့အဖြေရဖို့ ဘယ်လောက်စောင့်ရမလဲ

Continue reading အသားစယူပြီး အစာအိမ်ပိုး စစ်ဆေးခြင်း
Posted on

အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်ခြင်း

Functional Dyspepsia ကို အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်ခြင်းရောဂါလို့ မြန်မာပြန်ရင် သင့်တော်ပါမယ်။ တော်တော် အဖြစ်များတဲ့ ဗိုက်အောင့်ရောဂါတစ်မျိုးပါ။

⚛ ဘယ်လောက်အဖြစ်များလဲ
နာတာရှည် (၃ လကျော်) ဗိုက်မကြာခဏအောင့်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဒီရောဂါကြောင့် ဖြစ်တာ တွေ့ရပါတယ်။
လူတစ်ရာမှာ ၇ ယောက်လောက် ခံစားနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်

⚛ ရောဂါသဘော
အစာအိမ်ရောင်ရမ်းခြင်း၊ ပွန်းပဲ့ခြင်း၊ အနာဖြစ်ခြင်း ကဲ့သို့ Organic ပြဿနာ မရှိပဲ ဗိုက်အောင့်တဲ့ ရောဂါမို့လို့ Functional Dyspepsia လို့ ခေါ်တာပါ။ Non-Ulcer Dyspepsia လို့လဲ သိကြပါတယ်။
စားလိုက်ရင် ပုံမှန် အစာအိမ်က ချဲ့ပေးပြီး အစာကိုလက်ခံ ချေဖျက်ပေးဖို့ လုပ်တယ်။
ဒီရောဂါမှာ အစာအိမ်ရဲ့တုံ့ပြန်မှုမမှန်ဘူး ချဲ့ပေးသင့်တာကို ချဲ့မပေးဘူး၊ အစာချေဖျက် စီးဆင်းမှုလည်း နှေးသွားတတ်တယ်။
အစာအိမ်ချဲ့ပေးတာကိုလည်း Sensitive ဖြစ်ပြီး အောင့်သလို ခံစားရစေတယ်။
မတည့်တဲ့ အစားအသောက်တစ်ချို့ စားမိရင်လည်း အစာအိမ်တုံ့ပြန်မှုလွန်ကဲလို့ ဗိုက်အောင့်တယ်။
စိတ်ပူပန်လွန်းခြင်း၊ စိတ်ဓာတ်ကျခြင်း ပြဿနာတွေကြောင့်လည်း အစာအိမ်တုံ့ပြန်မှုမမှန် ဖြစ်တယ်။

⚛ လက္ခဏာ

Continue reading အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်ခြင်း
Posted on

အစာအိမ်ပိုး ရှိနေသလား

ဝမ်းဗိုက်အပေါ်ပိုင်းမကြာခဏ အောင့်တတ်သလား
အစာအိမ်ပိုးစစ်ဖူးသလား
ဦးစားပေး စစ်ရမဲ့ စစ်ဆေးမှုဖြစ်ပါတယ်

၁။ ဝမ်း စစ်ဆေးခြင်း
၂။ Urea ဆေးသောက်ပြီးပါးစပ်မှရှုထုတ်သောလေကို စစ်ဆေးခြင်း
၃။ အစာအိမ်မှန်ပြောင်းကြည့်စဉ် အသားစယူ စစ်ဆေးခြင်း ဆိုပြီး အဓိက စစ်ဆေးနည်း သုံးမျိုးရှိပါတယ်။ သွေးစစ်တဲ့အဖြေက မတိကျပါ။

အဖြေမှန်ဖို့အတွက် ပိုးရှိမရှိ မစစ်ဆေးမီ

Continue reading အစာအိမ်ပိုး ရှိနေသလား
Posted on

နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ ကုသနည်း

မုန့်ချိုအိတ်ဆိုတာ ဘာလဲ၊ ရုတ်တရက် မုန့်ချိုအိတ်ရောင်ရောဂါအကြောင်းနဲ့ နာတာရှည်မုန့်ချိုအိတ်ရောင်ရောဂါအကြောင်းတွေကို ကျွန်တော် ရေးပေးထားတာရှိပါတယ်။
မဖတ်ရသေးရင် ဖတ်ကြည့်နိုင်ပါတယ်။

ရုတ်တရက်မုန့်ချိုအိတ်ရောင်ရောဂါ အကြောင်း ဒီလင့်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။
https://drnyein.com/acute-pancreatitis/#more-495

နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါအကြောင်းနဲ့ စစ်ဆေးနည်းတွေ အကြောင်း ဒီလင့်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။
https://drnyein.com/chronic-pancreatitis/#more-499

ဒီတစ်ခါတော့ နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ ကုသနည်းအကြောင်း ဆွေးနွေးပေးပါမယ်။

အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ပြပြီး စနစ်တကျ ကုသရမဲ့ ပြဿနာတွေဖြစ်ပါတယ်။

⁕ ရောဂါသေချာအောင်လုပ်ပါ
နာတာရှည်မုန့်ချိုအိတ်ရောင်ရောဂါနဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့်လား၊ တခြားရောဂါကြောင့်လားဆိုတာ သံသယရှိရင် သေချာသိအောင် CT ဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန် MRI/MRCP ရိုက်ပြီးမှ ကုသမှု စသင့်ပါတယ်။

Continue reading နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ ကုသနည်း