Posted on

မုန့်ချိုအိတ်ရောင်ခြင်း

⁕ မုန့်ချိုအိတ်ဆိုတာဘာလဲ

မုန့်ချိုအိတ်ဆိုတာ ဝမ်းဗိုက်အပေါ်ပိုင်း အစာအိမ်ရဲ့နောက်မှာ ကန့်လန့်ရှိနေတဲ့ ၆ လက်မ ဝန်းကျင် ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ဆီးချိုဓာတ်ကို ပုံမှန်တွင်းဖြစ်နေအောင် ထိန်းပေးတဲ့ အင်ဆူလင် ဟော်မုန်းထွက်တဲ့အပြင် အစာချေဖျက်ဖို့ အင်ဇိုင်းတွေ ထုတ်ပေးတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

⁕ မုန့်ချိုအိတ်ရောင်ခြင်းဘာကြောင့်ဖြစ်တာလဲ

သည်းခြေအိတ်ကျောက်ရွေ့လျားမှုကြောင့် လမ်းကြောင်းပိတ်ခြင်းနဲ့ အရက်သောက်များခြင်း အကြောင်းနှစ်ခုကြောင့် မုန့်ချိုအိတ်ရောင်တာ များပါတယ်။ သွေးတွင်းအဆီဓာတ်တစ်မျိုး များလွန်းရင်လည်း မုန့်ချိုအိတ်ရောင်တတ်ပါတယ်။

⁕ ဘာလက္ခဏာပြလဲ

ဗိုက်အပေါ်ပိုင်းအောင့် ပျို့အန်ပြီး လက္ခဏာပြတာမို့လို့ အစာအိမ်အောင့်တယ်ပဲ ထင်ကြတာများပါတယ်။ မုန့်ချိုအိတ်ရောင်လို့ ဗိုက်အောင့်ရင် ကျောဖက်ကိုပါ ပျံ့ပြီး အောင့်တတ်ပါတယ်။

⁕ ရောဂါသေချာအောင်ဘယ်လိုလုပ်ရလဲ

ရောဂါသေချာအောင် မေးမြန်းစမ်းသပ်ခြင်း၊ သွေးစစ်ဆေးခြင်း ပြုလုပ်ရပါတယ် မုန့်ချိုအိတ်ရောင်လို့ ဗိုက်အောင့်တဲ့ပုံစံနဲ့ တူပြီး သွေးစစ်ဆေးချက် Amylase or Lipase (၃) ဆ ကျော်များနေရင် ရောဂါသေချာပါပြီ။ ဗိုက်အောင့်တဲ့ ပုံစံက အရမ်းမတူဘူး၊ သွေးအဖြေ Amylase or Lipase ကလည်း (၃) ဆ မကျော်ဘူးဆိုရင်တော့ အာထရာဆောင်း/ CT / MRI ဓာတ်မှန်ရိုက်ခြင်း လုပ်သင့်ပါတယ်။ (ဆေးသွင်းပြီး ရိုက်တဲ့ CT ဓာတ်မှန်ကတော့ ပိုသေချာပါတယ်)

⁕ ကုသနည်း

ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြပြီး စစ်ဆေး ကုသဖို့လိုပါတယ်။ (၄၈) နာရီအတွင်း သင့်တော်တဲ့ အကြောဆေးရည်များ သွင်းပေးခြင်း၊ ဗိုက်အောင့်သက်သာတဲ့ဆေးပေးခြင်းဖြင့် ရောဂါကို မြန်မြန်ထိန်းချုပ်နိုင်ပါတယ်။ မုန့်ချိုအိတ်ရောင်လူနာတစ်ချို့မှာ အလွန်ပြင်းထန်တဲ့နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တတ်လို့ စောင့်ကြည့် စစ်ဆေးဖို့လည်း အရေးကြီးပါတယ်။ ပါးစပ်က အစာမဝင်ရင် အစာအိမ်မှန်ပြောင်းနဲ့ Jejunum လို့ခေါ်တဲ့ အူသိမ်နှောင်းပိုင်းအထိ ပိုက်ထည့်ထားပြီး အစာကျွေးခြင်းက ပိုအကျိုးရှိပါတယ်။

⁕ နောက်ထပ်မဖြစ်အောင် ရောဂါအခံကိုကုသနည်း

အရက်ကြောင့်ဖြစ်တာဆိုရင် အရက်ဖြတ်နိုင်အောင် ဆွေးနွေးညှိနှိုင်း ကုသပေးရပါမယ်။

သည်းခြေအိတ်ကျောက်သို့မဟုတ် ကျောက်အနယ်တွေကြောင့် မုန့်ချိုအိတ်ရောင်ပြီး သည်းခြေလမ်းကြောင်းပါရောင်နေရင် သို့မဟုတ် ဘုံသည်းခြေလမ်းကြောင်းပိတ်/ကျယ် နေရင် ဆေးရုံတက်ပြီး (၂၄) နာရီအတွင်း မုန့်ချိုအိတ်နဲ့သည်းခြေလမ်းကြောင်းမှန်ပြောင်း (ERCP) ကြည့်ဖို့ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ ပြဖို့လိုပါတယ်။ ပိတ်နေတဲ့ ကျောက်ကို ဖယ်ထုတ်ခြင်း၊ လမ်းကြောင်းပွင့်အောင် ထောက်ပြွန်ထည့်ပေးခြင်း လုပ်ဖို့လိုပါတယ်။ ဘုံသည်းခြေလမ်းကြောင်းအတွင်းမှာ ကျောက်ရှိနေလား မသေချာရင် အစာအိမ်အူလမ်းကြောင်းပုံရိပ်ဖော်အထူးမှန်ပြောင်း (ထိပ်မှာအာထရာဆောင်းတပ်ထားတဲ့မှန်ပြောင်း) (EUS) နဲ့ စစ်ဆေးဖို့လိုပါတယ်။ မုန့်ချိုအိတ်နဲ့သည်းခြေလမ်းကြောင်း သံလိုက်ဓာတ်မှန် (MRCP) လည်း ရိုက်နိုင်ပါတယ်။ ကျောက်ရှိနေတာတွေ့ရင်တော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း ERCP မှန်ပြောင်းနဲ့ ကုသပေးရပါမယ်။

သည်းခြေအိတ်ကျောက်ကြောင့် မုန့်ချိုအိတ်ရောင်ခဲ့တာဆိုရင် သက်သာပြီး တစ်ပတ်လောက်အတွင်း သည်းခြေအိတ်ကို ခွဲစိတ်ထုတ်သင့်ပါတယ်။ မခွဲထုတ်ခဲ့ရင် သုံးပုံတစ်ပုံလောက်မှာ (၆) ပတ်အတွင်း မုန့်ချိုအိတ် ပြန်ရောင်နိုင်ပါတယ်။

သည်းခြေအိတ်နဲ့ကျောက် ခွဲထုတ်ပြီးပြီဆိုမှ ဘုံသည်းခြေလမ်းကြောင်းပွင့်နေအောင် ထည့်ထားတဲ့ ထောက်ပြွန်လေးကို ERCP မှန်ပြောင်းကြည့်ပြီး ဖယ်ထုတ်လိုက်ရုံပါပဲ။

Reference: UpToDate

မုန့်ချိုအိတ်ရောင်ခြင်းရောဂါ အကြောင်း ကျန်းမာရေးအသိတိုးပြီး အကျိုးရှိကြပါစေ။

နာတာရှည် မုန့်ချိုအိတ်ရောင်ခြင်းအကြောင်းနဲ့ စစ်ဆေးကုသနည်းတွေအကြောင်းလည်း လာမဲ့အပတ်တွေမှာ ပြောပြပေးပါဦးမယ်။

ဒေါက်တာငြိမ်းကိုဟိန်း Happy & Healthy အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

အစာအိမ်၊ အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ် ရောဂါများ၊ သိမှတ်ဖွယ်ရာ ကျန်းမာရေးဗဟုသုတများ ကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း ပြောပြပေးပါမယ်။ Page ကို Like & Follow လုပ်ထားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ရေးပေးထားပြီးသား ကျန်းမာရေး ဗဟုသုတတွေကိုလည်း လာဖတ်ကြည့်နိုင်ပါတယ်။

သိချင်တာရှိရင် ကွန်မန့်မှာ မေးနိုင်ပါတယ်။ မသိသေးတဲ့ မိတ်ဆွေတွေသိအောင်မျှဝေနိုင်ပါတယ်။