Posted on

HIV ကုသမှုယူနေရင် ဘာတွေ ပုံမှန်စစ်ဖို့လိုမလဲ

ပုံမှန် စစ်ဆေးသင့်တဲ့ စစ်ဆေးမှုတွေထဲက အရေးအကြီးဆုံး (၂) ခုကတော့ Viral Load ပိုးကောင်ရေ နဲ့ CD4 count ခုခံအားဆဲလ်အရေအတွက် ဖြစ်ပါတယ်။

ပိုးကောင်ရေစစ်ဆေးခြင်း
————————-
ပိုးရှိသူရဲ့ သွေးထဲမှာ HIV ပိုးကောင်ရေ ဘယ်လောက်ရှိနေသလဲ စစ်ဆေးခြင်း ဖြစ်ပါတယ်။

ART ဆေးစပြီး (၆) လမှာ တစ်ကြိမ်၊ (၁၂) လမှာ တစ်ကြိမ် ပိုးကောင်ရေ စစ်ဆေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းပါတယ်။

နောက်ပိုင်းမှာလည်း တစ်နှစ် တစ်ကြိမ် စစ်ဆေးဖို့ တိုက်တွန်းပါတယ်။

ရောဂါအနေအထားနဲ့ ဆေးအာနိသင်ကို သေချာသိရနိုင်တဲ့အတွက် အရေးကြီးပါတယ်။

မြန်မာနိုင်ငံအနေအထားနဲ့ အခမဲ့ ကုသပေးတဲ့ စင်တာတွေမှာ ပိုးကောင်ရေတော့ မစစ်ပေးနိုင်တာများပါတယ်။ မိမိဖာသာ အကုန်အကျခံပြီး စစ်ဆေးရဖို့များပါတယ်။ စစ်ဆေးခကတော့ ပျမ်းမျှ ၇ သောင်းနဲ့ တစ်သိန်းကြား ရှိပါလိမ့်မယ်။

CD4 count စစ်ဆေးခြင်း
——————————–
ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကိုတိုက်ထုတ်ပေးတဲ့ ခုခံအားဆဲလ်တွေကို HIV ပိုးက တိုက်ခိုက်ဖျက်ဆီး ပါတယ်။ အထူးသဖြင့် CD4+ T ဆဲလ် ကို သေစေပါတယ်။ CD4 ဆဲလ်ရေအတွက်ကိုကြည့်ခြင်းဖြင့် ခန္ဓာကိုယ်က ကူးစက်ရောဂါတွေကို ဘယ်လောက်တိုက်ထုတ်နိုင်မလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ယေဘုယျအားဖြင့် CD4 ဆဲလ် (၂၀၀) အောက် နည်းလာရင် ဝင်လာတဲ့ ရောဂါပိုးတွေကို ပြန်လည်တိုက်ထုတ်ဖို့ တော်တော်ခက်ပါတယ်။

ခုခံအားကောင်းစဉ်မှာ ခန္ဓာကိုယ်က တိုက်ထုတ်ပေးနေတဲ့ ရောဂါပိုးတွေကိုပါ မတိုက်နိုင်တော့ပဲ ကူးစက်ရောဂါတွေ ဖြစ်လာပါတယ်။

ဒါကြောင့် CD4 ဆဲလ် (၂၀၀) အောက် နည်းလာပြီဆိုရင် ဆရာဝန်က Septrin ကဲ့သို့ ပိုးသတ်ဆေးတွေ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပေးဖို့ လိုအပ်နိုင်ပါတယ်။ CD4 ဆဲလ် (၂၀၀) ကျော် ပြန်ဖြစ်လာရင် လ အနည်းငယ်ကြာ ဆက်သောက်ပြီး ဆေးကို ဆရာဝန် ညွှန်ကြားချက်နဲ့ ရပ်ပေးလို့ ရနိုင်ပါတယ်။

ဘယ်လောက်ကြာရင်ထပ်စစ်ရမလဲ
———————————–
အရင်စစ်ထားတဲ့ CD4 အဖြေနဲ့ ကုသမှုတုံ့ပြန်တဲ့အခြေအနေပေါ်မှာ မူတည်ပါတယ်။

တစ်ချို့လူနာတွေမှာ (၂) ပတ် – (၂) လ တစ်ခါ စစ်ဖို့ လိုနိုင်ပါတယ်။

HIV ပိုးကို ကောင်းကောင်းထိန်းနိုင်ပြီ ဆိုရင်တော့ (၆) လတစ်ခါ မှ တစ်နှစ်တစ်ခါလောက် စစ်သင့်ပါတယ်။

ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေချာ ပြန်လည် ပြသဖို့၊ စစ်ဆေးဖို့ အရေးကြီးပါတယ်။

ဆေးသေချာသောက်ပေမဲ့ CD4 ဆဲလ် မတက်လာဘူး
————————————————–
ဖြစ်နိုင်ပါတယ်။

(၁) တခြားကူးစက်ရောဂါပိုးတွေဝင်နေလို့ ဖြစ်နိုင်ပါတယ်

(၂) အရက်၊ဘီယာ သောက်စားမူးယစ်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်

(၃) ကိုယ်ဝန်ကြောင့်လည်း ဖြစ်နိုင်ပါတယ်

(၄) အသည်းရောဂါ တစ်မျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်

ဖြစ်နိုင်တဲ့ အကြောင်းတွေကို ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ သေချာ ‌မေးမြန်း၊ စမ်းသပ်၊ စစ်ဆေး၊ ကုသရင် တိုးတက်လာနိုင်ပါတယ်။

HIV ကုသဆေးများ
——————-
လက်ရှိမြန်မာနိုင်ငံမှာ ရနိုင်တဲ့အထဲက အကောင်းဆုံးဆေးကတော့

Dolutegravir + Emtricitabine + Tenofovir Alafenamide ဆေးအတွဲဖြစ်ပါတယ်။

အာနိသင်ကောင်းပြီး ဘေးထွက်ဆိုးကျိုးအနည်းဆုံးဆေး လို့ ဆိုနိုင်ပါတယ်။

KOCITAF နာမည်နဲ့ရနေပါပြီ

ပြဿနာကတော့ ကုန်ကျစားရိတ်ပဲ ဖြစ်ပါလိမ့်မယ်

တစ်လစာကို (၁၇၀၀၀၀) ဝန်းကျင်လောက် ရှိပါလိမ့်မယ်။

အခမဲ့ပေးတဲ့နေရာတွေမှာ ထုတ်ပေးနေတဲ့ ဘေးထွက်ဆိုးကျိုးအနည်းငယ်တော့ ရှိပေမဲ့ အာနိသင်မဆိုးတဲ့ ဈေးနှုန်း (၅၀၀၀၀) ဝန်းကျင် ဆေးတွေလည်း ရှိပါတယ်။

ဆရာဝန် ညွှန်ကြားချက်ယူဖို့ ဆေးသောက်ဖို့ လိုအပ်ရင် ငြိမ်းဆေးခန်း 09977273420 ကို ဆက်သွယ်နိုင်ပါတယ်။

ဘယ်လိုလူတွေ ဆေးဝယ်သောက်ကြသလဲ
—————————————–
ပြည်သူ့ဆေးရုံတွေ၊ အခမဲ့ပေးတဲ့စင်တာတွေမှာ ဆေးသွားထုတ်ပြီး မသောက်ချင်သူတွေ
အကောင်းဆုံးဆေးကို သောက်ချင်တဲ့သူတွေ
ကုန်ကျစားရိတ်တတ်နိုင်တဲ့သူတွေ ဆေးဝယ်သောက်ကြတာကို တွေ့ရပါတယ်။

HIV ဆေးတွေကို ပြည်သူ့ဆေးရုံတွေ၊ ကုသမှုစင်တာတွေမှာ သတ်မှတ်ချက်တွေနဲ့အညီ ပြသပြီး အခမဲ့ ထုတ်ယူနိုင်ပါတယ်။ ကုန်ကျစားရိတ် ကန့်သတ်ချက်တွေကြောင့် အကောင်းဆုံး၊ ဘေးထွက်ဆိုးကျိုးအနည်းဆုံး ဆေးကို မပေးနိုင်ပေမဲ့ ပေးနေတဲ့ဆေးတွေလည်း အာနိသင် မဆိုးပါ။ အခမဲ့ ရတယ်ဆိုပေမဲ့ တန်ဖိုးထားပြီး သေချာ သောက်စေချင်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စေတနာနဲ့ အကုန်အကျခံပြီး ကုသမှုတွေ ပေးနေတာဖြစ်ပါတယ်။

အရေးကြီးတာက

မိမိသဘောနဲ့ ဆေးဝယ်သောက်ရင် ပြဿနာရှိနိုင်ပါတယ်။

ကျွမ်းကျင်တဲ့ သမားတော်နဲ့ တိုင်ပင်ပြီး၊ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီးမှ ကုသမှု စရပါမယ်။

ဆေးကို နေ့စဉ်မပြတ် သောက်ဖို့ လိုအပ်ပါတယ်။