Posted on

အူမကြီးကင်ဆာ ကြိုတင်စစ်ဆေးပါ

အသိတစ်ယောက် အူမကြီးကင်ဆာဖြစ်လို့တဲ့။ စသိတဲ့အချိန်က နောက်ကျတော့ အဆုတ်နဲ့ အသည်းကို ကင်ဆာပြန့်နေပြီပြောတယ်။ ဟိုတစ်လောက ဆုံးသွားပြီ။

စိတ်မကောင်းစရာပါ။

အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာ (Colorectal Carcinoma CRC) ကို ကြိုတင်ကာကွယ်လို့ရပါတယ်။

အူမကြီးအတွင်းနံရံမှာ ကင်ဆာဖြစ်နိုင်တဲ့ အလုံးအကျိတ် (Polyp) အရင်ပေါ်လာတယ်။ အဲ့ဒီအလုံးအကျိတ်က နှစ်တော်တော်ကြာမှ ကင်ဆာအဆင့် ပြောင်းတာ ဖြစ်လို့ ကင်ဆာမပြောင်းမီ အလုံးအကျိတ်ကို အူမကြီးမှန်ပြောင်းကြည့်ပြီး တွေ့အောင် ရှာ၊ တွေ့ရင် ဖြတ်ထုတ်လိုက် ကာကွယ်ပြီးသားဖြစ်သွားပြီ။

အူမကြီးကင်ဆာကို ကြိုတင်စစ်ဆေးကာကွယ်ခြင်း နည်းစနစ်က အကျိုးရှိလွန်းလို့ လူတိုင်း အသက် (၄၅) နှစ်ကျော်ရင် ဘာလက္ခဏာမှ မခံစားရရင်တောင် CRC Screening လို့ခေါ်တဲ့ အူမကြီးကင်ဆာ ကြိုတင်စစ်ဆေးခြင်း လုပ်ကြပါလို့ တစ်ကမ္ဘာလုံးက ဆေးပညာရှင်တွေ တိုက်တွန်းကြပါတယ်။

(အရင်ကတော့ အသက် ၅၀ က စပြီး စစ်ခဲ့ကြတယ်။ နောက်ပိုင်း အသက် ၅၀ အောက် လူနာတွေမှာပါ အူမကြီးကင်ဆာတွေ အဖြစ်များတာ တွေ့လို့ အသက် ၄၅ နှစ်က စပြီး စစ်ကြဖို့ ပြောင်းလဲလိုက်တယ်)

ချမ်းသာတဲ့ နိုင်ငံတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူတိုင်း အသက် (၄၅) နှစ်ပြည့်ရင် အူမကြီးကင်ဆာ စစ်ဆေးမှု အခမဲ့ ခံယူဖို့ ဆက်သွယ်ပြီး စီစဉ်ပေးတယ်။ (အခမဲ့ ဆိုပေမဲ့ သူတို့နိုင်ငံတွေမှာ ပြည်သူတွေ ဝင်ငွေကောင်းပြီး အမှန်အကန် ဝင်ငွေခွန် ဆောင်ထားကြတာလည်း မနည်းဘူးလေ)

အူမကြီးမှန်ပြောင်းကြည့်ပြီး စစ်ဆေးနည်းကတော့ အလုံးအကျိတ်တွေ့ခဲ့ရင် မှန်ပြောင်းကြည့်ရင်း ဖြတ်တောက်ကုသမှုပါ လုပ်ပေးနိုင်လို့ ပိုကောင်းတယ်။ သံသယရှိတဲ့ နေရာကနေလည်း အသားစသေးသေးယူပြီး စစ်ဆေးကြည့်နိုင်တယ်။  အသက် (၄၅) နှစ်ဝန်းကျင်မှာ မှန်ပြောင်းကြည့်ပြီး ဘာပြဿနာမှ မတွေ့ရင် နောက် (၁၀) နှစ်ပြည့်တိုင်း နောက်တစ်ခေါက် ကြည့်ရုံပဲ။

အကြောင်းအမျိုးမျိုးကြောင့် အူမကြီးမှန်ပြောင်း စမကြည့်နိုင်ရင် Fecal Immunochemical Test (FIT) လို့ခေါ်တဲ့ ဝမ်းသွားတဲ့အထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ သွေးနည်းနည်းပါနေသလားဆိုတာ တစ်နှစ် တစ်ခါ စစ်ပေးနိုင်တယ်။ သွေးနည်းနည်းပါတယ်လို့ တွေ့ပြီဆိုရင်တော့ အူမကြီးမှန်ပြောင်း ကြည့်ဖို့ စီစဉ်ပြီး ရှိနေနိုင်တဲ့ အူမကြီး အလုံးအကျိတ်ကို သေချာ ရှာပေတော့ပဲ။

မြန်မာနိုင်ငံအနေအထားနဲ့ကတော့ အသက် (၄၅) ကျော်ရင် လူတိုင်းကို အူမကြီးကင်ဆာ ကြိုတင်စစ်ဆေးမှု အခမဲ့ လုပ်ပေးနိုင်ဖို့ အလှမ်းဝေးပါသေးတယ်။

ကျန်းမာရေးအသိပညာ ရှိသူတွေ၊ အူမကြီးမှန်ပြောင်းကြည့်ဖို့ (၃) သိန်းဝန်းကျင်လောက် အကုန်အကျခံနိုင်သူတွေပဲ  မိမိအစီအစဉ်နဲ့ အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်နဲ့ တိုင်ပင်ပြီး ကြိုတင်စစ်ဆေးမှုခံယူကြရမှာ ဖြစ်ပါတယ်။ အသက် (၄၅) နှစ်ပြည့်ပြီ သိုမဟုတ် ကျော်ပြီဆိုတာနဲ့ မှန်ပြောင်းကြည့်ဖို့ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေသေးရင်တောင် တစ်နှစ်တစ်ခါ FIT ဝမ်းစစ်ဆေးကြပါလို့ တိုက်တွန်းလိုပါတယ်။

အူမကြီးကင်ဆာဘေးမှ ကင်းဝေးကြပါစေ

#CRCScreening #HappyHealthy

References

Shaukat A et al. ACG Guideline. 2021.

Patel SG et al. US Multisociety Task Force Guideline. 2022

ဒေါက်တာငြိမ်းကိုဟိန်း

Happy & Healthy

အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

အစာအိမ်၊ အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ် ရောဂါတွေအကြောင်းကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း ပြောပြပေးပါမယ်။

သိချင်တာရှိရင် ကွန်မန့်မှာ မေးသွားနိုင်ပါတယ်။ မိတ်ဆွေတွေသိနိုင်အောင်လည်း မျှဝေနိုင်ပါတယ်။