Posted on

အစာအိမ်မှန်ပြောင်းကြည့်ဖို့လိုပြီလား

အစာအိမ်မှန်ပြောင်းလို့ အလွယ်ပြောလိုက်ပေမဲ့ အစာရေမျိုပြွန်၊ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းတွေကို ကြည့်ရှုစစ်ဆေး ကုသပေးနိုင်တဲ့ မှန်ပြောင်းကြည့်နည်းစနစ်ဖြစ်ပါတယ်။ ထိပ်မှာ အလင်းရောင်နဲ့ ကင်မရာပါဝင်တဲ့ လက်သန်းအရွယ်ပိုက်ပျော့လေးကို ပါးစပ်ကတစ်ဆင့် ထည့်ကြည့်တာပါ။

⚠️ အောက်ပါ အချက် (၂၃) ချက်မှာ တစ်ခုခု ရှိရင် အစာအိမ်မှန်ပြောင်းကြည့်ဖို့လိုအပ်ပါတယ်။

👉 (၁) သင့်တော်တဲ့ဆေးနဲ့ကုသပေးထားပေမဲ့ မသက်သာတဲ့ ဗိုက်အပေါ်ပိုင်းအောင့်ခြင်း

👉 (၂) အစားအသောက်ပျက်ခြင်း၊ အကြောင်းမဲ့ပိန်လာခြင်း၊ အသက် (၅၀) ကျော်အရွယ်မှ ဖြစ်လာသော ဗိုက်ပြဿနာများ

👉 (၃) အစာမျိုချရခက်ခြင်း၊ အစာမျိုချလျှင်နာခြင်း

👉 (၄) သင့်တော်တဲ့ဆေးနဲ့ကုသပေးထားပေမဲ့ မသက်သာတဲ့ ရင်ပူခြင်း၊ လေချဉ်တက်ခြင်း၊ လေတက်ခြင်းကဲ့သို့ စားချဉ့်ပြန်ရောဂါ လက္ခဏာများ

👉 (၅) အကြောင်းမဲ့ မကြာခဏ အန်ခြင်း

👉 (၆) အစာရေမျိုပြွန်၊ အစာအိမ်နှင့်အူသိမ်ရောဂါတွေ့လျှင် ကုသမှုအစီအစဉ်ကို ချိန်ညှိရမည့် ပြဿနာများ

(အရင်က အစာအိမ်/အူသိမ်အနာ သို့မဟုတ် သွေးယိုခြင်းရှိဖူးလျှင် အသည်း/ကျောက်ကပ် အစားထိုးခွဲစိတ်မှုမလုပ်မီ၊ သွေးခဲပျော်ဆေး/သွေးခဲကာကွယ်ဆေး ရေရှည်မပေးမီ၊ နာတာရှည် အဆစ်အမြစ်နာရောဂါများအတွက် အကိုက်အခဲပျောက်ဆေး ရေရှည်မပေးမီ၊ ခေါင်းနှင့် လည်ပင်းရှိ ကင်ဆာရောဂါများကို မကုသမီ အစာအိမ်မှန်ပြောင်းကြည့်သင့်ပါသည်)

👉 (၇) အူမကြီး၊ အူသိမ်နှင့် အစာအိမ်တွင် ကင်ဆာပြောင်းလဲနိုင်ခြေရှိသော အသားပိုလုံးများ ရာနှင့်ချီ၍ တွေ့ရတဲ့ မျိုးရိုးလိုက်သောရောဂါစုရှိသူများ

👉 (၈) ဓာတ်မှန်၊ အာထရာဆောင်း၊ CT ဓာတ်မှန် စသည်တို့တွင်တွေ့ရသော အစာရေမျိုပြွန်၊ အစာအိမ်နှင့်အူသိမ်ပြဿနာများကို မှန်ပြောင်းဖြင့် မျက်မြင်တိုက်ရိုက် ကြည့်ရှုသေချာစေခြင်းနှင့် အသားစယူ၍ စစ်ဆေးခြင်း။

(ကင်ဆာသံသယဖြစ်ဖွယ်ပုံရိပ်များ၊ အစာအိမ်/အူသိမ်အနာ၊ အစာရေမျိုပြွန် အစာအိမ်နှင့် အူသိမ် ကျဉ်းခြင်း/ပိတ်ခြင်း)

👉 (၉) အစာအိမ်နှင့်အူလမ်းကြောင်းသွေးယိုခြင်း
(သွေးအန်ခြင်း ဝမ်းမည်းမည်းသွားခြင်းကဲ့သို့ လတ်တလော သွေးယိုခြင်း၊  သွေးအားနည်းရောဂါရှိနေပြီး အစာအိမ်နှင့်အူသိမ်မှ သွေးအနည်းငယ် နာတာရှည် ယိုစိမ့်နေခြင်းကြောင့်ဖြစ်နိုင်သည်ဟု ယူဆရသူများ၊ သွေးအားနည်းရောဂါအတွက် အူမကြီးမှန်ပြောင်းကြည့်ပြီး ရောဂါမတွေ့သူများ)

👉 (၁၀) အစာရေမျိုပြွန်၊ အစာအိမ်နှင့်အူသိမ်မှ အသားစယူ စစ်ဆေးရန် လိုအပ်သော ရောဂါများ၊ အူသိမ်တွင်းမှ အရည်စုပ်ယူ၍ ပိုးမွေးရန် လိုအပ်သူများ

👉 (၁၁) အသည်းခြောက်လူနာများကဲ့သို့ အသည်းသွေးပြန်ကြော သွေးတိုးခြင်းရှိနိုင်သူများတွင် အစာရေမျိုပြွန်နှင့်အစာအိမ် သွေးကြောပွများ ရှိနေသလား ကြည့်ရှုစစ်ဆေးခြင်း၊ သွေးယိုသော၊ သွေးယိုနိုင်ခြေများသော အစာရေမျိုပြွန်သွေးကြောပွများကို သားရေကွင်းတစ်မျိုးဖြင့်ချည်ခြင်း၊ သွေးယိုဖူးသော အစာအိမ်သွေးကြောပွများကို ကော်တစ်မျိုးဖြင့် ထိုးသွင်းပြီး ခဲစေခြင်း

👉 (၁၂) ကော့စတစ်ဆိုဒါနှင့် ပွန်းပဲ့တိုက်စားစေတတ်သော အရည်များ မျိုချမိခြင်းကြောင့် ဖြစ်သော အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ပြဿနာများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကုသခြင်း

👉 (၁၃) နာတာရှည် ဝမ်းလျှောခြင်းဖြစ်နေပြီး အူသိမ်ပိုင်းရောဂါကြောင့်ဟု သံသယရှိသူများ

👉 (၁၄) အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုခြင်းကို မှန်ပြောင်းမှတစ်ဆင့် ကုသရန် (အနာ၊ အကျိတ်၊ သွေးကြောပြဿနာ စသည်)

👉 (၁၅) အရာဝတ္တုများ မျိုချမိလျှင်/နင်နေလျှင် မှန်ပြောင်းကြည့်၍ ဖယ်ထုတ်ရန်

👉 (၁၆) မှန်ပြောင်းမှတစ်ဆင့် ဖြတ်ထုတ်နိုင်သော အလုံးအကျိတ်များကို ဖြတ်ထုတ်ခြင်း

👉 (၁၇) ပါးစပ်မှအစားအသောက် မစားနိုင်သူများကို အစာအိမ်အတွင်းသို့ တိုက်ရိုက် အစာထည့်ကျွေးရန် ပိုက်ထည့်ပေးခြင်း သို့မဟုတ် အစာအိမ်အူလမ်းကြောင်းအတွင်းမှ အရည်များ စီးထွက်စေရန် ပိုက်ထည့်ပေးခြင်း

👉 (၁၈) အစာရေမျိုပြွန်၊ အစာအိမ်နှင့်အူလမ်းကြောင်းတွင် ရောဂါကြောင့် ကျဉ်းနေသော နေရာကို မှန်ပြောင်းမှတစ်ဆင့် ချဲ့ပေးခြင်း၊ ထောက်ပြွန်ထည့်ပေးခြင်း

👉 (၁၉) အစာရေမျိုပြွန်အဆုံးပိုင်း ညှစ်အားအလွန်များနေသောရောဂါအား ကုသခြင်း

👉 (၂၀) ကင်ဆာကြောင့် အစာရေမျိုပြွန်၊ အစာအိမ်နှင့်အူသိမ်လမ်းကြောင်း ကျဉ်းနေခြင်းကို သက်သာစေရန် လမ်းကြောင်းဖွင့်ပေးခြင်း၊ ထောက်ပြွန်ထည့်ပေးခြင်း

👉 (၂၁) နာတာရှည် အစာအိမ်ရောင်ခြင်းကြောင့် ဖြစ်သည့် ကင်ဆာဖြစ်လာနိုင်ဖွယ်များသော အသားနုလွှာ ပုံစံပြောင်းလဲမှုအား ကုသခြင်း

👉 (၂၂) ခွဲစိတ်ဖြတ်တောက်ပြီး ပြန်ဆက်ချိန်တွင် အဆက်နေရာအား မှန်ပြောင်းထည့်၍ ကြည့်ရှုစစ်ဆေးခြင်း

👉 (၂၃) ခွဲစိတ်ကုသပြီးနောက် ဖြစ်ပေါ်လာတတ်သော နောက်ဆက်တွဲ ပြဿနာများကို ကုသပေးခြင်း (ပြန်ဆက်ထားသောနေရာ ကျဉ်းလာလျှင် ချဲ့ပေးခြင်း/ထောက်ပြွန်ထည့်ပေးခြင်း၊ အနာဆက်ပြွန်နှင့် ယိုစိမ့်ခြင်းများကို ကုသပေးခြင်း)

❓ အစာအိမ်မှန်ပြောင်းကြည့်ရင်နာမှာလား

မနာပါဘူး အာခေါင်ကို ထုံဆေးဖြန်းပေးတယ်၊ သက်သက်သာသာနဲ့ မှိန်းစေတဲ့ အိပ်ဆေးအနည်းငယ် ထိုးပေးပြီး ကြည့်တာပါ။

ဆေးအာနိသင်နဲ့ ကြည့်ပေးတဲ့ အစာအိမ်အူလမ်းကြောင်းအထူးကုသမားတော်ရဲ့ ကျွမ်းကျင်မှုကြောင့် မှန်ပြောင်းလည်မျိုတွင်းထည့်လိုက်တာကို သတိထားမိမှာ မဟုတ်ပါ။

(အရမ်းစိုးရိမ်သူတွေ၊ အိပ်ဆေးနဲ့တင် အဆင်မပြေနိုင်သူတွေကို မေ့ဆေးဆရာဝန်နဲ့ ညှိနှိုင်းပြီး မေ့ဆေးနဲ့လည်းကြည့်နိုင်ပါတယ်)

❓ ကုန်ကျစားရိတ်ဘယ်လောက်ရှိမလဲ

ဘယ်မြို့မှာကြည့်မှာလဲ၊ ဘယ်ဆေးရုံမှာကြည့်မှာလဲ၊ ဘယ်ဆရာဝန်နဲ့ကြည့်မှာလဲ၊ မေ့ဆေးသုံးမှာလား၊ အစာအိမ်ပိုးစစ်ခြင်း၊ အသားစယူခြင်း၊ မှန်ပြောင်းနဲ့ ကုသခြင်းလုပ်ရသလား ဆိုတဲ့ အချက်တွေပေါ်မူတည်ပြီး ကုန်ကျစားရိတ် ကွာပါတယ်။

ရန်ကုန်က မှန်ပြောင်းကြည့်လို့ရတဲ့ ဆေးရုံအများစုမှာတော့ အစာအိမ်မှန်ပြောင်းကြည့်ရုံပဲဆိုရင် (၂) သိန်းနဲ့ (၂) သိန်းခွဲ ဝန်းကျင် ကုန်ကျနိုင်ပါတယ်။

အစာအိမ်မှန်ပြောင်းကြည့်သင့်တဲ့အချိန်မှာ ကြည့်ပြီး ရောဂါတွေ အချိန်မီ သိရှိကုသ ပျောက်ကင်းနိုင်ကြပါစေ။

#OGDIndications #HappyHealthy

Reference

Early DS et al. Gastrointest Endosc. 2012 (Latest ASGE Guideline)

ဒေါက်တာငြိမ်းကိုဟိန်း

Happy & Healthy

အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

အူမကြီးမှန်ပြောင်းကြည့်ဖို့ လိုအပ်တဲ့ ပြဿနာတွေ အကြောင်းလည်း နောက်အပတ် တနင်္ဂနွေနေ့ ညနေမှာ ပြောပြပေးပါမယ်။

သိချင်တာရှိရင် ကွန်မန့်မှာ မေးသွားနိုင်ပါတယ်။ မိတ်ဆွေတွေသိနိုင်အောင်လည်း မျှဝေနိုင်ပါတယ်။